မှန်ပြောင်းအသုံးပြုသည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်း ဟာ ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်မှု (MIS) တစ်ခုဖြစ်ပြီး ခွဲစိတ်ရာအလွန်သေးငယ်ခြင်း ၊ သွေးထွက်နည်းခြင်း ၊ အလျှင်အမြန်ပြန်လည် သက်သာခြင်း စတဲ့အားသာချက်တွေကြောင့် ယနေ့ခေတ်မှာ လူသိများတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ခွဲစိတ်မှုအပြီး (၂)ရက် - (၃) ရက်အတွင်းမှာ လူနာဟာ အိမ်ပြန်ပြီး မိမိတို့ရဲ့ လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ပြန်လည် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
မှန်ပြောင်းအသုံးပြုသည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်းနည်းလမ်းဟာ (၉၅) ရာခိုင်နှုန်း အောင်မြင်မှု ရှိပါတယ်။ ဒါပေမယ့် အသည်းရောင်ခြင်း ၊ သည်းခြေအိတ် တစ်ဝိုက်မှာ တစ်ရှူးထူပြောမှုများခြင်း ၊ တခြားမူမမှန်ခြင်း စတာတွေဟာ အောင်မြင်မှုရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ခွဲစိတ် ဆရာဝန်အနေနဲ့ အဆိုပါ ပြဿနာတွေကို ကြိုပြီး သိရှိနိုင်မှာ မဟုတ်လို့ပဲ ဖြစ်ပါ တယ်။ ခွဲစိတ်မှုကို ဦးဆောင်တဲ့ ဆရာဝန်ရဲ့ ဆုံးဖြတ်အရ မှန်ပြောင်းအသုံးပြုခွဲစိတ် ကုသမှုအစား သမားရိုးကျခွဲစိတ်ကုသမှုနည်းလမ်းကို ပြောင်းလဲပြီး လုပ်ဆောင်တာမျိုးလည်း ရှိတတ်ပါတယ်။
လောလောဆယ်မှာတော့ သည်းခြေအိတ်ကိုဖယ်ရှားခြင်းမပြုဘဲ သည်းခြေအိတ် အတွင်းမှ သည်းခြေကျောက်များကို ဖယ်ရှားခြင်းနည်းလမ်းကို လုပ်ဆောင်ဖို့ အကြံမပြုလိုပါဘူး။ ဘာလို့လဲဆိုတော့ သည်းခြေကျောက်တွေဟာ အချိန်တို အတွင်း ပြန်လည် ဖြစ်လာနိုင်လို့ပါ။ ဒီနည်းလမ်းဟာ လူနာအနေနဲ့ သည်းခြေအိတ်ရောင်ခြင်းကို ပြင်းပြင်းထန်ထန် ခံစားရပြီး သာမန်ခွဲစိတ်ကုသမှုမှာသုံးတဲ့ မေ့ဆေးကို ခန္ဓာကိုယ်က ခံနိုင်ရည် မရှိတဲ့ အခြေအနေမှသာလျှင်အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ခွဲစိတ်ကုသမှုအတွင်း လေဆာအသုံးပြုခြင်းနဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားမှုတချို့ ရှိနေပါသေးတယ်။ လေဆာကို ပုံမှန်မဟုတ်တဲ့ တစ်ရှူးများ ဖျက်စီးပစ်ခြင်း (သို့) သွေးတိတ်အောင် လုပ်ဆောင်ခြင်း အခြေအနေမှာသာလျှင် အသုံးပြုပါတယ်။ ဒါပေမယ့်ဒါဟာ သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားတဲ့ နည်းလမ်း တစ်ခုတော့ မဟုတ်ပါဘူး။