အူကျွံခြင်းဟာ ဖြစ်ပွားတဲ့နေရာအပေါ်မူတည်ပြီး ပုံစံအမျိုးမျိုးရှိပါတယ်။
ပေါင်ခြံနေရာတွင်အူကျွံခြင်း (Inguinal Hernias)
ပေါင်ခြံနေရာတွင်အူကျွံခြင်း ဟာ အမျိုးသားများမှာ အတွေ့ရအများဆုံး ဖြစ်ပါတယ်။ ပေါင်ခြံမှာရှိတဲ့ ပြွန်လမ်းကြောင်း(Inguinal Canal) မှာ ဖြစ်တတ်ပြီး အူများဟာ ဝမ်းဗိုက်ပြင်မှာဖြစ်နေတဲ့ စုတ်ပြဲခြင်း(သို့)လျော့ရိလျော့ရဲဖြစ်နေတဲ့ နေရာကိုတွန်းလိုက်တဲ့အခါမှာ အူကျွံခြင်း ဖြစ်ပေါ်ပါတယ်။ အမျိုးသားများမှာ သူတို့ရဲ့ ဝှေးစေ့(Testicles)များကို ထိန်းထားတဲ့ ပေါင်ခြံရင်းမှဝှေးစေ့ဆီဆက်သွယ်ထားရာ လမ်းကြောင်း (Spermatic Cord) တစ်ဝိုက်မှာ အူကျွံခြင်းဖြစ်တတ်ပါတယ်။ အမျိုးသမီးများရဲ့ ပေါင်ခြံခွကြားပြွှန်လမ်းကြောင်း နေရာမှာ သားအိမ်ကိုထိန်းထားပေးတဲ့ အရွတ်တစ်ခု ပါဝင်ပါတယ်။ အမျိုးသားများဟာ မွေးဖွားပြီးနောက်ပိုင်းမှာ ဝှေးစေ့များဟာ ပေါင်ခြံခွကြားပြွှန်လမ်းကြောင်း ဆီကို တွဲကျဆင်းလာလေ့ရှိတာကြောင့် ပေါင်ခြံနေရာတွင်အူကျွံခြင်း ရောဂါကို ပိုပြီးခံစားရလေ့ရှိပါတယ်။ တကယ်လို့ အဆိုပါပြွန်လမ်းကြောင်းဟာ ပိတ်သင့်တဲ့ အချိန်မှာ ပြန်မပိတ်ဘူးဆိုရင် အဲဒီနေရာဟာ ချို့ယွင်းမှုဖြစ်လာပါတယ်။
ချက်နေရာတွင်အူကျွံခြင်း (Umbilical hernia)
ချက်နေရာတွင်အူကျွံခြင်းဟာ ချက်အနီးအနားတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ အကျိတ်အဖုထွက်လာခြင်းဖြစ်ပါတယ်။ ဒီအူကျွံခြင်းဟာ ကလေးများမှာ ပိုပြီးအဖြစ်များတယ်ဆိုပေမယ့် လူငယ်အရွယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ကလေးငယ်များရဲ့ဝမ်းဗိုက်ပြင်ဟာ သဘာဝအရ ပိုပြီးသန်မာလာတာနဲ့ အမျှ ဒီလိုအူကျွံခြင်းအမျိုးအစားဟာလည်း ပျောက်သွားတတ်ပါတယ်။ ကလေးများမှာဖြစ်တတ်တဲ့အူကျွံခြင်းရောဂါကုသမှုများကို ပိုမိုသိရှိလိုပါက ဒီနေရာကိုကလစ်နိုပ်ပါ။
လူငယ်အရွယ်များမှာ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ နာတာရှည်ချောင်းဆိုးခြင်း ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ အဝလွန်ခြင်း စသည်တို့ကြောင့် ဝမ်းဗိုက်မှာ အကြိမ်ကြိမ်အားစိုက်ထုတ်ရခြင်းရဲ့ အကျိုးဆက်အဖြစ် ချက်နေရာတွင်အူကျွံခြင်းကို ခံစားရနိုင်ပါတယ်။ အများအားဖြင့် အမျိုးသားများမှာ အသက်အရွယ်အပိုင်းအခြားမရွေးဘဲဖြစ်တတ်တာကြောင့် ကုသမှုလိုအပ်ပါတယ်။
ဝမ်းဗိုက်နေရာအူကျွံခြင်း (Ventral Hernia)
ဒီလိုအူကျွံခြင်းရောဂါဟာ ဝမ်းဗိုက်နေရာတစ်ဝိုက်မှာဖြစ်တတ်ပြီး ကြွက်သားများဟနေတဲ့နေရာမှတစ်ဆင့် ဖောင်းကားလာခြင်းဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်တတ်ကာ မွေးဖွားချိန်မှစပြီး လက်ရှိအသက်အရွယ်အထိ ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း ၊ အဝလွန်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်း များဟာ ဝမ်းဗိုက်ခွဲကြောင်းအူကျွံခြင်းဖြစ်စေတဲ့ အကြောင်း အရင်းများဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုများကြောင့်လည်း ဝမ်းဗိုက်နေရာအူကျွံခြင်းဖြစ်တတ်ပြီး ၎င်းကို ခွဲကြောင်းအူကျွံခြင်း(Incisional Hernia) လို့ လည်း ခေါ်ဝေါ်ကြပါတယ်။
ခွဲကြောင်းအူကျွံခြင်း (Incisional hernias)
ဝမ်းဗိုက်ခွဲစိတ်ကုသမှုများရဲ့ နောက်ဆက်တွဲအဖြစ် ခွဲကြောင်းအူကျွံခြင်းရောဂါဖြစ်နိုင်ခြေ (၁၅)ရာခိုင်နှုန်း ကနေ (၂၀) ရာခိုင်နှုန်းရှိပါတယ်။ အခေါ်အဝေါ်ကို ကြားလိုက်တာနဲ့ ဒါဟာ ခွဲကြောင်းနေရာတစ်ဝိုက်မှာ ဖောင်းကားလာတဲ့ အခြေအနေဆိုတာ သိသာပါတယ်။