ပုံမှန်အားဖြင့် ဆရာဝန်တွေဟာ ဆီးကျိတ်ကင်ဆာအတွက် လူနာရဲ့ PSA(ဆီးကျိတ်ဂလင်းဆဲလ် များ မှထုတ်သော ပရိုတိန်းတစ်မျိုး) စစ်ဆေးခြင်းကို လုပ်လေ့ရှိပါတယ်။ ကင်ဆာဟာ ဆီးကျိတ်ရဲ့ နဂိုဖွဲ့စည်းတည်ဆောက်မှုကို တိုက်ဖျက်တဲ့အချိန်မှာ အဆိုပါပရိုတိန်း (PSA) တွေဟာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုထဲကို စီးဆင်းသွားပါတယ်။ တကယ်လို့ သွေးထဲမှာ PSA ပါဝင်မှု ပမာဏမြင့်တက် နေတယ်ဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်နေတာကို ညွှန်ပြနေတာဖြစ်ပါတယ်။ “ ဒီစစ်ဆေးမှုက လုံးဝပြီးပြည့်စုံတဲ့နည်းလမ်းတော့မဟုတ်ဘူးဗျ ။ PSA ပါဝင်မှုကို မြင့်တက်စေတဲ့ တခြား အကြောင်းရင်းတွေလည်းရှိသလို တချို့အကြောင်းအရင်းတွေက မသိနိုင်ဘူး ။ ဒါပေမယ့် အနည်းဆုံးတော့ ဆီးကျိတ်ကင်ဆာ စစ်ဖို့ နည်းလမ်းတစ်ခုတော့ရှိသွားတာပေါ့။ ” လို့ Dr.Isares က ပြောပါတယ်။
ကုသမှုအပိုင်းမှာ ကင်ဆာကြီးထွားမှုအဆင့်အပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ကင်ဆာအခြေ အနေပြင်းထန်မှုကို Gleason Grading System ( ဆီးကျိတ်ကင်ဆာအဆင့်သတ်မှတ်တဲ့ System) အရ ဆုံးဖြတ်ပါတယ်။ Gleson Score များလေလေ ကင်ဆာအဆင့်ကြီးလာလေ ဖြစ်ပြီး ကုသမှု အတွက် ခွဲစိတ်မှု(သို့မဟုတ်) ဓာတ်ကင်ခြင်း ကုထုံးများ လိုအပ်နိုင်ပါတယ်။ အဆိုပါကုသမှုနည်းလမ်း တွေဟာ အများအားဖြင့် မအောင်မြင်သလို လူနာတွေအနေနဲ့လည်း ဆီးမထိန်းနိုင်ခြင်း ၊ လိင်တံမထောင်မတ်နိုင်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
Dr.Isares ဟာ ဘေးထွက်ဆိုးကျိုးတွေ လျှော့ချပေးနိုင်တဲ့ ကုသမှုနည်းပညာသစ်တစ်ခုကို အကြံပြု ထားပါတယ်။ High Intensity Focused Ultrasound (HIFU) လို့ ခေါ်တဲ့ မှုနည်းပညာဟာ သာမန် အာထရာစောင်းထက် အဆ (၁၀၀၀၀) ပိုမိုပြင်းထန်တဲ့ အာထရာစောင်းလှိုင်း တွေနဲ့ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး အပူပေး ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
HIFU ကို Robotic Arm(HIFUတွင်သုံးသည့်စက်ရုပ်လက်တံကဲ့သို့သောကိရိယာ) နဲ့ ထိန်းချုပ်ထားသလို တစ်ချိန်တည်းမှာပဲ လုပ်ဆောင်မှုတွေကို ဆရာဝန်တွေဆီ ပြသပေးနေ တာကြောင့် ဆီးကျိတ်အနီးနားက အစိတ်အပိုင်းတွေဖြစ်တဲ့ ဆီးအိမ် ၊ ဆီးသွားခြင်းကိုထိန်းချုပ်ပေး သည့်ကြွက်သားများ ၊ လိင်တံထောင်မတ်နိုင်ဖို့ပြုလုပ်ပေးတဲ့နာ့ဗ်ကြောများကို မထိခိုက်စေနိုင်ဘူး လို့ Dr.Isares က ဆိုပါတယ်။