လက်ရှိချိန်မှာ ကိရိယာအသုံးပြုကာသည်းခြေအိတ်ဖြတ်ထုတ်ခြင်းနည်းလမ်းဟာ ထိရောက်မှု မြင့်မားတဲ့အပြင် (၀.၅)စင်တီမီတာသာ ခွဲဖို့လိုတာကြောင့် အန္တရာယ်ဖြစ်နိုင်ခြေနည်းပါး ပြီး ပိုမိုကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ကုသတဲ့ လူနာတွေဟာ မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်သက်သာလာကြပြီး တချို့လူနာတွေဆိုရင် (၁)ရက်-(၂)ရက် အတွင်းမှာပဲ အိမ်ကိုပြန်နိုင်ပါတယ်။
ကိရိယာအသုံးပြုကာသည်းခြေအိတ်ဖြတ်ထုတ်ခြင်းဟာ ခွဲကြောင်း(၃)ခုမှ (၄)ခုသာ ခွဲရမှာဖြစ်ပြီး ချက်အနီးမှာခွဲကြောင်းတစ်ခု ၊ ကင်မရာငယ်ထည့်သွင်းဖို့နဲ့ သည်းခြေအိတ်တိုင်းတာစစ်ဆေးရာမှာအသုံးပြုတဲ့ကိရိယာထည့်သွင်းဖို့ ညာဘက်နံရိုး အောက်မှာ ခွဲကြောင်း(၂)ခုမှ (၃)ခု လိုအပ်မှာဖြစ်ပါတယ်။ အဆိုပါ ကိရိယာများနဲ့ သည်းခြေအိတ်ကိုဖြတ်ကာ အိတ်ထဲထည့်ပြီး ဖယ်ရှားပစ်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက်ခွဲစိတ်ဆရာဝန်များမှ ကင်မရာနဲ့ ကိရိယာကို ဖယ်ထုတ်ပြီး နောက်ဆုံးမှာ လူနာရဲ့ ခွဲကြောင်းဒဏ်ရာကို ပြန်ပြီးချုပ်ပေးမှာဖြစ်ပါတယ်။
ကိရိယာအသုံးပြုကာသည်းခြေအိတ်ဖြတ်ထုတ်ခြင်းဟာ အောင်မြင်မှု (၉၅)ရာခိုင်နှုန်း အထိရှိပေမယ့်လည်း ရုတ်တရက်သည်းခြေအိတ်ရောင်ခြင်း နဲ့ တခြားကျန်းမာရေး ပြဿနာရှိသူလူနာများအတွက် ဒီနည်းလမ်းနဲ့ကုသရာမှာ အောင်မြင်မှုရရှိဖို့ အခွင့်အရေး ပိုနည်းပါတယ်။ ဒါကြောင့် လူနာတစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေ ကိုလိုက်ပြီး ခွဲစိတ်မှု လုပ် မလုပ်ဆိုတာကို ဆရာဝန်တွေအနေနဲ့ မကုသခင်မှာ သေချာစဉ်းစားဆုံးဖြတ်ကြရပါတယ်။
ဒါကြောင့် သင့်အနေနဲ့ သည်းခြေကျောက်လို့ သံသယရှိတဲ့ လက္ခဏာတစ်ခုခု ကြုံရပြီဆိုရင် မကုသဘဲအကြာကြီးမထားသင့်ပါဘူး။ ဒီလို လျစ်လျူရှုထားခြင်းဟာ ကိရိယာသုံးခွဲစိတ်ကုသမှုကို ရွေးချယ်နိုင်ခွင့် လျော့ပါးသွားပါတယ်။