ညိုဝါဝါအရောင် ဆိုရင် ကျန်းမာတဲ့သူတစ်ယောက်ရဲ့ ဝမ်း လို့ ပြောနိုင်ပါတယ်။ ဆိုလိုတာက အစာအခြေစနစ် ကောင်းစွာ အလုပ်လုပ်တယ်ပေါ့။ အစာတွေကို ချေဖျက်ရာမှာ သည်းခြေရည်က ကောင်းကောင်း အလုပ်လုပ်ပေးလိုက်တယ်ဆိုရင် အညိုနုရောင်လေး ထွက်လာတတ်ပါတယ်။ တကယ်လို့ ဝမ်းဟာ အဝါနုရောင်ဖြစ်ပြီး စေးပိုင်ပိုင် ဖြစ်နေမယ်၊ အနံ့စူးစူးကြီးလည်းထွက်နေမယ် ဆိုရင် ဝမ်းထဲမှာ အဆီတွေ ပါနေတယ် လို့ မှတ်ယူနိုင်ပြီး ဒါဟာ သည်းခြေရည်မှာ ပြဿနာတစ်ခုခုရှိနေတယ်ဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အစာခြေစနစ်ကို သက်ရောက်မှုတစ်ခုခု ရှိနေတယ် လို့ ဆိုနိုင်ပါတယ်။ အူကနေပြီး အာဟာရကို စုပ်ယူတဲ့အပိုင်းမှာ ဖြစ်နေတာပါ။ ဒါမျိုး ရက်အနည်းငယ်ကြာတဲ့အထိ ဆက်တိုက် ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေး တိုင်ပင်သင့်ပါတယ်။
အစိမ်းရောင်သန်းနေတယ်ဆိုရင် အစိမ်းရောင် ဟင်းသီးဟင်းရွက် အစားများလို့ ဖြစ်တာပါ။ တကယ်လို့ ဝမ်းသွားရာမှာ နည်းနည်း အရှိန်နည်းနည်းပါနေတယ်ဆိုရင်တော့ အီးပန်းချင်လို့ ဒါမှမဟုတ် သောက်ထားတဲ့ ဆေးတစ်ခုခုကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်။
အမဲရောင်ဘက်သန်းနေရင် သတိသာထားပေတော့။ အစာခြေစနစ်အထက်ပိုင်းမှာ သွေးယိုစိမ့်မှု တစ်ခုခု ဖြစ်နေတဲ့ လက္ခဏာပါ။ အထူးသဖြင့် ကတ္တရာစေးလို အရောင်မျိုးပေါ့။ ဒါမျိုးဖြစ်နေရင်တော့ အစာခြေစနစ်ကို စစ်ဆေးခြင်းကတစ်ဆင့် ဆေးဘက်ဆိုင်ရာကုသမှုတစ်ခုခုကို ချက်ချင်းလုပ်ရတော့ မှာဖြစ်ပါတယ်။ ဒီလို ဝမ်းမည်းမည်းမျိုးလည်း နေ့စဉ်ရက်ဆက် သွားနေမယ်။ ဆရာဝန်နဲ့လည်း ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု ကုသမှု မခံယူဘူးဆိုရင် အူမကြီးကင်ဆာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ်လို့ အသည်းတွေစားတာ၊ သွေးခဲတွေစားတာ၊ ကောက်ညှင်းငချိတ်တို့၊ ပိုးစာသီးတို့ စတာတွေ စားတာ၊ ဒါ့အပြင် သံဓာတ်ပါတဲ့ ဖြည့်စွက်စာတွေ၊ ဝမ်းလျှောတာကို ကုတဲ့ ဆေးတွေသောက်တာ စတာတွေကြောင့်လည်း ဝမ်းမည်းမည်း သွားတတ်ပါတယ် တဲ့။
အနီရောင်ဝမ်းများသွားခြင်း ဒါကတော့ စားလိုက်တဲ့အစာနဲ့ပဲ ဆိုင်ပါတယ်။ beetroot၊ ချဉ်ပေါင်၊ သင်္ဘောသီး၊ ဖရဲသီး စတာတွေ အစားများလို့ ဒါမှမဟုတ် အနီရောင်အရည်တွေ အသောက်များလို့ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ်လို့ အနီရောင်ဝမ်းထဲမှာမှသွေးစလေးတွေ ပါလာတယ် ဆိုရင်တော့ လိပ်ခေါင်း ကြောင့်ဖြစ်နိုင်ပါတယ်။ အစာခြေစနစ် အောက်ပိုင်းမှာ သွေးယိုစိမ့်မှု တစ်ခုခု ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ အူမကြီးနံရံတွေ လောင်နေတာ ဒါမှမဟုတ် ကင်ဆာဖြစ်နေတာ တောင် ဖြစ်နိုင်ပါတယ်။
မီးခိုးရောင် မီးခိုးရောင်ရင့်ရင့် ဆိုရင်တော့ အစာခြေစနစ်အထက်ပိုင်းမှာ သွေးယိုစိမ့်မှု တစ်ခုခု ဖြစ်နေတာ ဖြစ်နိုင်သလို အရောင်မည်းမည်းဆိုရင်တော့ သံဓာတ်ပါတဲ့ ဖြည့်စွက်စာတစ်ခုခုကြောင့် လည်း ဖြစ်နိုင်ပါတယ်။ မွဲခြောက်ခြောက် အရောင် ဆိုရင်တော့ အသည်း ဒါမှမဟုတ် ပန်ခရိယ မှာ တစ်ခုခု ဖောက်ပြန်နေပြီလို့ ဆိုနိုင်ပါတယ်။ မီးခိုးရောင် ဒါမှမဟုတ် ဖြူဖပ်ဖြူရော် အရောင် ဆိုရင်တော့ သည်းခြေအိတ် ပိတ်နေလို့ သည်းခြေရည် လုံလုံလောက်လောက်မရတာ ဒါမှမဟုတ် ပန်ခရိယမှာ တစ်ခုခု ဖြစ်နေခြင်း ဒါမှမဟုတ် ဆေးတစ်မျိုးမျိုး အသောက်လွန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။