ပါတီတွေမှာ အလွန်အကျွံ ကဲပြီးနောက်ပိုင်း မောပန်းနွမ်းနယ်ခြင်း၊ ဖြစ်ခဲ့တာတွေကို မမှတ်မိခြင်းများဟာ ရောဂါဖြစ်စေနိုင်တဲ့ အချက်တစ်ခုအဖြစ် စဉ်းစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် တခြားလက္ခဏာတွေကိုလည်းခံစားရမယ်ဆိုရင် သင် အမြဲတက်နေတဲ့ ပါတီ ပွဲတွေဟာ အသည်းအဆီဖုံးခြင်းကိုဖြစ်စေတဲ့ လမ်းစ လို့ ပြောလို့ရပါတယ်။ ဒီလိုကြုံ လာရပြီဆိုရင် တိတိကျကျရောဂါရှာဖွေဖို့အတွက် ဆရာဝန်နဲ့ ချက်ချင်း ပြသတိုင်ပင်ရ ပါမယ်။ အောက်ဖော်ပြပါလက္ခဏာ တွေပြသနေပြီဆိုရင် ရောဂါအစပျိုးတဲ့အခြေအနေ လို့ သိထားရမှာဖြစ်ပါတယ်။
အလွန်အမင်းမောပန်းနွမ်းနယ်ခြင်း၊ နုံးခြင်း၊ အားမရှိခြင်း - တကယ်လို့ သင်ဟာ ပါတီပွဲ တွေမှာ သောက်စားခြင်းမပြုတာ ရက်အနည်းငယ်ကြာသည့်တိုင်အောင် ဒီလိုလက္ခဏာ တွေခံစားရပြီး အလုပ်မသွားချင်တာမျိုး ၊ အကြောင်းအရင်းမရှိ နုံးချိနေတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။
ပျို့အန်ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း နှင့် တချို့သူများအနေဖြင့် နံရိုးအောက်ညာဘက် ခြမ်းတွင် တင်းကျပ်စွာခံစားရခြင်း - လူအများစုအနေနဲ့ ပါတီပွဲတွေမှာ အစားတွေ အများကြီးစား အရက်တွေအအများကြီးသောက်ခဲ့ပြီးနောက် ဒီလိုလက္ခဏာတွေကို ပုံမှန်ခံစားရလေ့ရှိကြပါတယ်။ ဒီလိုလက္ခဏာတွေဟာ (၁)ရက်-(၂)ရက် နေရင်ပျောက်သွားပါလိမ့်မယ်။ ဒါပေမယ့် ပုံမှန်ထက်ပိုပြီး လက္ခဏာတွေ ဆက်ဖြစ် နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းဆွေးနွေးတိုင်ပင်ရပါမယ်။
စားချင်စိတ်မရှိခြင်း(သို့)ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းခြင်း - အစားအသောက် ကို ခုံမင်စွာစားလေ့ရှိတဲ့ လူတစ်ယောက်ဟာ ရုတ်တရက်ကြီး အစာ စားချင်စိတ် မရှိတော့ဘူးဆိုရင် သင့်ခန္ဓာကိုယ်မှာ မူမှန်တာ တစ်ခုခု ဖြစ်နေပြီလို့ သတိပေးတာနဲ့ အတူတူပါပဲ။
အာရုံစူးစိုက်မှုလျော့နည်းလာခြင်းနှင့် ဆုံးဖြတ်နိုင်စွမ်းလျော့နည်းခြင်း - အသည်းအဆီ ဖုံးခြင်းခံစားနေရသူများဟာ ခေါင်းနောက်ခြင်း၊ အာရုံစူးစိုက်မှု မရှိခြင်းနဲ့ ဆုံးဖြတ်နိုင်စွမ်းလျော့နည်းလာခြင်း များကိုလည်း ခံစားရနိုင်ပါတယ်။
ဆီးနှင့်ဝမ်း(မစင်)အရောင်ပြောင်းခြင်း - အသည်းလုပ်ဆောင်မှု ကျဆင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ဟာလည်း အညစ်အကြေးတွေကို ထိရောက်စွာ မစွန့်ပစ်နိုင်တော့ပါဘူး။ ဒီလိုကနေတစ်ဆင့် ဆီးဟာ အညိုရောင် ၊ အဝါရောင်အဖြစ် ပြောင်းလဲသွားသလို ဝမ်း(မစင်) ဟာလည်း အရောင်ပြောင်းသွားပါတယ်။
အသားဝါရောဂါ - ခန္ဓာကိုယ်ဟာ အညစ်အကြေးများကို အကုန်အစင် မစွန့်ပစ်ပေးနိုင်တဲ့အချိန်မှာ ဘီလီရူဘင်(Bilirubin) ခေါ် အဝါရောင် ဓာတုပစ္စည်း ဟာ လူနာရဲ့ အရေပြားနဲ့ မျက်လုံးများကို အဝါရောင်အဖြစ် ပြောင်းလဲသွားစေပါတယ်။