အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ စကားပုံအတိုင်းပါပဲ။ ကျွန်တော်တို့ စားသုံးလိုက်တဲ့အစားအသောက်များဟာ ရောဂါများကို ကာကွယ်ကုသဖို့ အတွက် ဆေးဝါးများလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့နည်းလမ်းအတိုင်း စားမယ်ဆိုရင် စားလိုက်တဲ့အစားအစာအာဟာရ များဆီမှ ကောင်းကျိုးများကိုရရှိမှာဖြစ်ပါတယ်။ အစားအစာများရဲ့ အရောင် အလိုက် လူကို ဘယ်လိုအကျိုးပြုလဲဆိုတာကို ကြည့်ရအောင်ပါ။
အစိမ်းရောင်အစားအစာများ
အစိမ်းရောင်သစ်သီးများနဲ့ ဟင်းသီးရွက်များမှာ အစိမ်းရောင် Chlorophyll၊ အရောင်မျိုးစုံရှိတဲ့ Carotenoid၊ မျက်လုံးကိုကောင်းကျိုးပြုတဲ့ Lutein၊ ခန္ဓာကိုယ် ကို ကာကွယ်ပေးတဲ့ Zeaxanthin စတဲ့ ဓာတ်တွေအများအပြားပါဝင်ပါတယ်။ ဥပမာ - အစိမ်းရောင်ပန်းသီး၊ အစိမ်းရောင်စပျစ်သီး၊ ကီဝီသီး၊ ပန်းပွင့်စိမ်း၊ ကိုက်လန်၊ ကညွတ်၊ ထောပတ်သီး၊ အစိမ်းရောင်ဂေါ်ဖီထုပ်၊ သခွားသီး၊ ဟင်းနုနယ်ရွက် စသည့် အစိမ်းရောင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ။
အနီရောင်အစားအစာ
အနီရောင်အသီးနဲ့ ဟင်းသီးဟင်းရွက်များထဲမှာ Lycopene ခေါ်အနီရောင် အသီးများအတွင်းတွေ့ရသည့်ဓာတ်တစ်မျိုး၊ Betacyanin၊ Quercetin၊ Hesperidin၊ Anthocyanin စတဲ့ ဓာတ်များပါဝင်ပါတယ်။ ဥပမာ - စတော်ဘယ်ရီ သီး၊ ချယ်ရီသီး၊ ခရမ်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ သလဲသီး၊ အနီရောင်စပျစ်သီး၊ ဖရဲသီး၊ ချဉ်ပေါင်ဖူး၊ ခရမ်းချဉ်သီး၊ သကြား မုန်လာသီး၊ ပန်းငရုတ်သီးအနီ၊ ကြက်သွန်နီစတဲ့ အသီးနှင့်ဟင်းသီး ဟင်းရွက်များ။
ခရမ်းရောင်နှင့်အပြာရောင်အစားအစာများ
ခရမ်းရောင်နဲ့ အပြာရောင်သစ်သီး၊ ဟင်းသီးဟင်းရွက်များမှာ Anthocyanin နဲ့ ဖီနိုလစ်အက်ဆစ်(Phenolic Acid) ကဲ့သို့ အရေးကြီးတဲ့ဓာတ်ပစ္စည်းများပါဝင်ပါ တယ်။ ဥပမာ - ခရမ်းရောင်စပျစ်သီး၊ ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ ဆီးသီးခြောက်၊ ခရမ်းသီး၊ ခရမ်းရောင်ဂေါ်ဖီထုပ်၊ ကန်စွန်းဥ၊ ကောက်ညှင်းငချိတ်၊ ဆန်လုံးညို စတဲ့ စားစရာများ။
အဝါရောင်နှင့်လိမ္မော်ရောင်အစားအစာများ
အဝါရောင်နဲ့ လိမ္မော်ရောင်အစားအစာများထဲမှာ Carotenoidsဓာတ်(အချို့ဟာ ခန္ဓာကိုယ်အတွင်းမှာဗီတာမင် A အဖြစ်ပြောင်းလဲသွား)၊ Flavonoidsဓာတ်၊ ဗီတာမင်စီ စတာတွေပါဝင်ပါတယ်။ ဥပမာ - လိမ္မော်သီး၊ ငှက်ပျောသီး၊ ပင်မှည့်သီး၊ သခွားမွှေးသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ပိန်းဥ၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ ပန်းငရုတ်ပွအဝါရောင်။
အဖြူရောင်အစားအစာများ
အဖြူရောင်အသီးနဲ့ဟင်းသီးဟင်းရွက်တွေထဲမှာ အရေးကြီးတဲ့ Beta Glucan ဓာတ်(မှိုတွင်အများဆုံးတွေ့ရ)၊ Flavonoids အုပ်စုတွင်ပါဝင်သည့်ဓာတ်များ စတာတွေပါဝင်ပါတယ်။ ဥပမာ - သစ်တော်သီး၊ ဩဇာသီး၊ လိုင်ချီးသီး၊ မင်းဂွတ်သီး၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ မှို။