၁။ သင့်ကလေးငယ်ကနေမကောင်းဘူးဆိုရင် - ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်အပူချိန် ၃၇.၅ ဆဲလ်စီးယက်စ် အထက်ရှိခြင်း စတဲ့ လက္ခဏာ တွေဟာ အသေးစားလက္ခဏာလို့ သတ်မှတ်ကောင်းသတ်မှတ်နိုင်ပေမယ့်လည်း ဒီလိုလက္ခဏာတွေပြလာပြီဆိုရင် ကလေးကို ကျောင်းကနေခွင့်ယူခိုင်းပြီး ဆရာဝန် နဲ့ ပြသရမှာဖြစ်ပါတယ်။ ကလေးငယ်အနေနဲ့ အပြည့်အဝ ပြန်လည်ကောင်းမွန် သက်သာလာပြီဆိုမှသာ ကျောင်းကို ပြန်တက်ခွင့်ပြုသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ကိုယ်ခံအားနည်းနေသေးတဲ့အချိန်မှာ အလျှင်အမြန် ကျောင်းပြန်တက်ခိုင်းမယ်ဆိုရင် နောက်ထပ် ဖျားနာမှုတွေ ကြုံလာနိုင်လို့ဖြစ်ပါ တယ်။ ဖျားနာမှုလက္ခဏာတွေ ရှိနေသေးတယ်ဆိုရင် တခြားကလေးတွေဆီကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။
၂။ ကလေးငယ်များရဲ့မွေးရာပါကျန်းမာရေးအခြေအနေ - ဓာတ်မတည့်ခြင်းလို ပြဿနာမျိုးဟာ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းကို ဖြစ်စေနိုင်တာကြောင့် ကလေးငယ်ရဲ့ ကျောင်းက ဆရာ ဆရာမ များကို အသိပေးခြင်း၊ ဆရာဝန်ရဲ့ ဆေးစာကို ကျောင်းကို ပြသခြင်းမျိုးကို လုပ်ဆောင်ရပါမယ်။ ဒါမှသာ ကလေးငယ် နဲ့ ထိတွေ့ပတ်သက်သူအားလုံး သတိထားနိုင်မှာဖြစ်ပါတယ်။
၃။ ကာကွယ်ဆေးထိုးခြင်း - ကာကွယ်ဆေးထိုးခြင်းဟာ အရမ်းကို အရေးကြီးပါတယ်။ အထူးသဖြင့် ကလေးငယ်ဟာ အသက် အရမ်းငယ်နေသေး တယ်ဆိုရင်တောင် ကာကွယ်ဆေးကို ပုံမှန်ထိုးပေးသင့်ပါတယ်။ ဥပမာ- တုပ်ကွေး ကာကွယ်ဆေးထိုးပြီး (၆)လ အကြာမှာ ရောဂါကာကွယ်နိုင်တဲ့ ကိုယ်ခံအားမြှင့်တင် မှုကို ပေးစွမ်းဖို့ နောက်တစ်ကြိမ်ထပ်ထိုးသင့်ပါတယ်။
၄။ ဗီတာမင်ဆေးဝါးများ - ဗီတာမင်နဲ့ ဖြည့်စွက်စားသောက်မှု များဟာ ကလေးငယ်ရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးဖို့ အထောက်အကူပြုပါတယ်။ ( သစ်သီးများကို ပုံမှန်စားသုံးတဲ့ ကလေးငယ်များကတော့ ဖြည့်စွက်စာ မလိုအပ် ပါဘူး။) တကယ်လို့ ကလေးငယ်ဟာ စားသောက်မှုပုံစံ လိုအပ်ချက် ရှိ မရှိ ဆိုတာ မသေချာဘူးဆိုရင် ကလေးအထူးကုဆရာဝန်(သို့) ကလေးအာဟာရပညာရှင် များဆီမှ အကြံဥာဏ်များ ရယူသင့်ပါတယ်။
လူကြီးပဲဖြစ်ဖြစ် ကလေးပဲဖြစ်ဖြစ် ဖျားနာခြင်း(သို့)ရောဂါ ဆိုတာဟာ သဘာဝအတိုင်း ဖြစ်လေ့ဖြစ်ထရှိပြီး ရောဂါပိုးမွှားများအားလုံး ကိုယ်ခန္ဓာထဲမဝင်အောင် ကာကွယ်ဖို့ဆို တာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း မိဘများအနေနဲ့ ကလေးငယ်ရဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် အတတ်နိုင်ဆုံးလုပ်ဆောင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ကလေးငယ်များနေ့စဉ်စားသောက်ရာမှာ အဓိကအစားအစာအုပ်စု (၅)စု မျှတစွာ ပါဝင်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ရမှာဖြစ်ပါတယ်။ နေရာင်ခြည်မှာ ပါဝင်တဲ့ ဗီတာမင်ဒီ ရရှိအောင် အိမ်အပြင်ဘက်မှာ လေ့ကျင့်ခန်းလုပ်ဖို့ကိုလည်း သတိပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကလေးငယ်က လုံလောက်စွာအိပ်စက်ချိန် ရှိသလား၊ တစ်ကိုယ်ရည်သန့်ရှင်းမှု ကိုသေချာဂရုစိုက်သလား စတာတွေကို အမြဲတမ်း စောင့်ကြည့်နေရမှာဖြစ်ပါတယ်။
လက်ရှိလိုမျိုး ပုံမှန်မဟုတ်ဘဲ ခက်ခဲတဲ့ကာလအတွင်း မိဘများအနေနဲ့ ကိုယ့်ကလေးငယ်ကို အိမ်အပြင်ထွက်တိုင်း Mask တပ်ဖို့၊ အစာမစားခင်နဲ့ အစာ စားအပြီး လက်ကို ဆပ်ပြာ(သို့) အယ်လ်ကိုဟောပါတဲ့ဂျယ်လ်နဲ့ဆေးဖို့၊ လူများတဲ့ နေရာများကိုရှောင်ရှားဖို့ အရေးကြီးကိစ္စအနေနဲ့ သတိပေးရမှာဖြစ်ပါတယ်။ ဒီလို ရိုးရှင်းလွယ်ကူတဲ့ ဆောင်ရန်ရှောင်ရန်နည်းလမ်းများဟာ သင်တို့ရဲ့ကလေးငယ်ကို ကျန်းမာသန်စွမ်းပြီး ရောဂါကင်းတဲ့ ကလေးငယ်ဖြစ်အောင် အထောက်အကူပြုမှာ အမှန်ပါပဲ။
ကိုးကားချက်များ
https://www.cbs8.com/article/news/education/cdc-releases-guidelines-for-reopening-schools-what-will-the-new-normal-look-like/509-70532f64-69f9-443f-83e7-c9bb522e982c