ကလေးအတက်ရောဂါ - ကုသမှု နှင့် ကလေးမှာအတက်ရောဂါဖြစ်လာရင် လုပ်ဆောင်သင့်ဆုံးအရာ
• တကယ်လို့ ကလေးငယ်တစ်ယောက်ဟာ တက်နေတယ်ဆိုရင် စိတ်အေးအေး ထားပြီး အာရုံစူးစိုက်မှုရှိဖို့ အရေးကြီး ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သူ့အတွက် လုံခြုံတဲ့နေရာတစ်ခုကိုဖန်တီးပေးပြီး ဖုန်းနဲ့ ဗီဒီယို မှတ်တမ်းတင်ထားဖို့ လိုပါတယ်။ တကယ်လို့ တက်နေတာ (၅)မိနစ်ထက် ပိုကြာနေပြီဆိုရင် ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။
• ကလေးများမှာ အကြောင်းအရင်းမရှိဘဲနဲ့သော်လည်းကောင်း၊ တခြား အကြောင်းအရင်းတစ်ခုခုနဲ့တွဲပြီးတော့သော်လည်းကောင်း (၂၄)နာရီခြားပြီး တက်တာကိုခံစားရမယ်ဆိုရင် အတက်ရောဂါ(Epilepsy) အဖြစ် သတ်မှတ်နိုင် ပါတယ်။ တကယ်လို့ သင်တို့ရဲ့ သား(သို့) သမီးက တစ်ကြိမ် တက်နေပြီ ဆိုရင် ချက်ချင်းဆေးခန်းပြရပါမယ်။ အတက်ရောဂါ ဖြစ်နေပြီဆိုတာသိရတာနဲ့ ကုသမှုကိုစတင်နိုင်ပါတယ်။ ဒါကို အကောင်းဆုံးစီမံလုပ်ဆောင်နိုင်ပြီး တချို့ ဆိုရင် ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။
• အတက်ရောဂါခံစားနေရတဲ့ ကလေးငယ်အများစုဟာ အတက်ရောဂါ သက်သာစေတဲ့သောက်ဆေး (Anti-seizure Medication / ASM) အကူအညီ နဲ့ နဂိုအကောင်းအတိုင်းဘဝကို ပြန်လည်ရရှိနိုင်ပါတယ်။ လူနာကလေးငယ် (၆၀)-(၇၀) ရာခိုင်နှုန်းခန့်ဟာ သောက်ဖို့ညွှန်ကြားထားတဲ့ ASM ဆေးနဲ့ အဆင်ပြေနိုင်ပါတယ်။
တကယ်လို့ သင့်ရဲ့ သား(သို့) သမီးဟာ တက်နေပြီဆိုရင် ပိုပြီး စိတ်အေးအေး ထားဖို့လိုအပ်တယ်ဆိုတာကို မိဘများအနေနဲ့ သဘောပေါက် နားလည်ထား ဖို့လိုပါတယ်။ အတက်ရောဂါဟာ လူအများသဘောပေါက်ထားတာထက် ပိုပြီး ကျယ်ပြန့်တာကြောင့် ကြောက်စရာကောင်းတယ်ဆိုတာ မငြင်းနိုင်ပါဘူး။
အတက်ရောဂါဟာ ကလေးများမှာ အဖြစ်အများဆုံး ဦးနှောက်နဲ့အာရုံကြောရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ပျမ်းမျှအားဖြင့် ကမ္ဘာတစ်ဝန်းမှာ အတက်ရောဂါခံစားနေရတဲ့ ကလေးငယ်ပေါင်း သန်း(၅၀)ခန့်ရှိတယ်လို့ဆိုပါတယ်။
ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ မိဘများ၊ ဆရာမများ အနေနဲ့ တက်နေတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာ နဲ့ ဘယ်လိုပုံစံမျိုး တက်တယ်ဆိုတာကို ကောင်းစွာသိရှိထားဖို့လိုပါတယ်။ ဒါမှသာ အကျိုးရှိအောင်မြင်တဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။