Birmingham VA Medical Center, Alabama မှာ စေတနာ့ဝန်ထမ်း အဖွဲ့တစ်ဖွဲ့နဲ့ စမ်းသပ်မှုအရ ဆေးလိပ်သောက်သူ ၂၂% ဟာ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာကို တွေ့ရပါတယ်။ ဒါဟာ ဆီးချို ဖြစ်တော့မယ်လို့ သံချောင်းခေါက်လိုက်တာပါပဲ။ အဖွဲ့ရဲ့ ၁၇% ဟာ လုံး၀ ဆေးလိပ်မသောက်တတ်သူတွေ ပါ။ ဒါပေမယ့် ဆေးလိပ်သောက်သူတွေနဲ့ နီးနီးကပ်ကပ်နေလေ့ရှိကြပါတယ်တဲ့။ အဲဒီ အုပ်စုမှာလည်း အဆိုပါ လက္ခဏာတွေကို တွေ့ရပါတယ်တဲ့။ ဆေးလိပ် ဖြတ်ပြီးတဲ့သူတွေနဲ့ ဆေးလိပ် လုံး၀ မသောက်တတ်သူတွေကို နှိုင်းယှဉ်လေ့လာရာမှာတော့ ၁၄% နဲ့ ၁၁.၅% လောက်ပဲ ရှိကြပါသတဲ့။
ဒီသုတေသနဟာ ဘာကိုပြနေသလဲဆိုတော့ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း၊ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်း နဲ့ ဆီးချိုရောဂါတို့ရဲ့ ဆက်စပ်ပုံကို သိသာစေပါတယ်။ ဒါ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဆေးလိပ်ငွေ့ဟာ ပန်ခရိယမှာ သွား စု နေပြီးတော့ ပန်ခရိယရဲ့ လုပ်ငန်းဆောင်တာတွေကို ကျဆင်းစေပါတယ်။ အကျိုးဆက်ကတော့ ဆီးချိုဖြစ်တာပါပဲ။
ဒါ့အပြင် ဆီးချိုဝေဒနာရှင်တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ ခက်ခဲတာကိုလည်း တွေ့ရပါတယ်။ ဆေးလိပ်မသောက်တတ်သူတွေနဲ့ ယှဉ်လိုက်ရင် အင်ဆူလင်အသုံးပြုရာမှာလည်း ပြဿနာလေးတွေ ရှိနေတတ်ပါတယ်။ နောက်ပြီးတော့ အခြား အန္တရာယ်တွေဖြစ်တဲ့ ကျောက်ကပ်ရောဂါ၊ ထိသိနာဗ်ကြောတွေကို ထိခိုက်တဲ့ အာရုံကြောရောဂါ၊ ဆီးချိုကြောင့် မျက်လုံးကွယ်ခြင်း စ တာတွေလည်း အမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဆရာဝန်တွေက ဆီးချိုသမားကို ဆေးလိပ်ဖြတ်ခိုင်းခြင်း၊ အဆီနည်းတဲ့ အစားအစာတွေပဲ စားခိုင်းခြင်း၊ လေ့ကျင့်ခန်း များများလုပ်ခိုင်းခြင်း၊ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို သောက်ခိုင်းခြင်း၊ ဆေးခန်းမှန်မှန်ပြခိုင်းခြင်း စတာတွေလုပ်ခိုင်းပြီး အသက်အန္တရာယ် ထိခိုက်မှု ဖြစ်လာနိုင်ခြေများကနေ လျှော့ချပေးနေတာပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့်ပြောရရင်တော့ သေလောက်တဲ့ရောဂါမှန်သမျှဟာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်ပါတယ်။ ဖော်ပြခဲ့တဲ့ ရောဂါ ငါးမျိုးအပြင် ခံတွင်းရောဂါ၊ သွားတွေပျက်စီးတာ၊ ပါးစပ်နံတာ၊ ကိုယ်နံ့ဆိုးတာ၊ gold finger လို့ခေါ်တဲ့ လက်ချောင်းတွေမှာ အဝါရောင်တွေ စွဲနေတာ၊ ပါးရေနားရေ တွန့်တာ၊ အရွယ်မတိုင်မီအိုမင်းတာ.. စသည့်ဖြင့် စုံလို့ပါပဲ။ ဒါတွေအကုန်လုံးဟာ ဆေးလိပ်သောက်သူတွေရဲ့ ဘဝအတွက် အနုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေပါပဲ။ ဒီရောဂါတွေ နဲ့ စိတ်ဓာတ်တွေကျပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ရောဂါအကြီးစားတွေနဲ့ ရင်ဆိုင်ရတော့မယ် ဆိုတာကို ပြောလိုက်ရပါပေရဲ့…