အဆုတ်ကင်ဆာကုသခြင်း နည်းလမ်း ဟာ ကင်ဆာရောဂါအဆင့်နဲ့ လူနာရဲ့ ကျန်းမာရေး အခြေ အနေအပေါ်မှာမူတည်ပါတယ်။ တွေ့ရများတဲ့ကုသမှုနည်းလမ်း များကတော့ ခွဲစိတ်ကုသခြင်း နဲ့ ဓာတ်ရောင်ခြည်ကုထုံး တို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခီမိုဆေးသွင်းခြင်း နဲ့ ပစ်မှတ်ထားကုထုံးအပါအဝင် တခြားကုသမှုပုံစံများဖြင့်လည်း လုပ်ဆောင်နိုင်ပါတယ်။
ခွဲစိတ်ကုသခြင်း(Surgery) - ပျံ့နှံ့နိုင်တဲ့ကင်ဆာဆဲလ်တစ်ရှူးတွေကို ဖယ်ရှားလိုက်ချိန်မှာ ကျန်းမာတဲ့အဆုတ်တစ်ရှူးအခြေအနေကို ထိန်းသိမ်းဖို့အတွက် ဆရာဝန်များမှ ခွဲစိတ်ကုသခြင်း နည်းလမ်းကိုရွေးချယ်နိုင်ပါတယ်။ လူတစ်ယောက်ဟာ အဆုတ်တစ်စုံ (၂လုံး) ရှိပြီး လူနာတွေဟာ အဆုတ်တစ်လုံးတည်းနဲ့လည်း အသက်ဆက်လက်ရှင်သန်နိုင်တာကြောင့် ခွဲစိတ်ဆရာဝန်များမှ အဆုတ်တစ်လုံးကို လုံးဝဖယ်ရှားလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ခွဲစိတ်ကုသမှုရဲ့ ရလဒ်ဟာ လူနာရဲ့ကျန်းမာရေးအခြေအနေအပေါ်မှာ အဓိကမူတည်ပါတယ်။
ခီမိုဆေးသွင်းခြင်း(Chemotherapy) - ဒီနည်းလမ်းဟာ ဆေးတွေကိုအသုံးပြုပြီး ကင်ဆာဆဲလ်များအလျင်အမြန်ပွား နေခြင်းကိုဖျက်စီးခြင်း(သို့) ထိန်းချုပ်ခြင်း ဖြစ်ပါတယ်။ ခီမိုဆေးသွင်းခြင်းဟာ ကင်ဆာဆဲလ်တွေ တခြားခန္ဓာကိုယ်အ စိတ်အပိုင်းများဆီ ပျံ့နှံ့ခြင်းကို ရပ်တန့်ပေးပါတယ်။ ဒါပေမယ့်လည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ပျို့အန်ခြင်း နဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်းများ ဖြစ်လေ့ရှိပါတယ်။
ဓာတ်ရောင်ခြည်ကုထုံး(Radiation Therapy) - ကင်ဆာဆဲလ်တွေကို ဖျက်စီးဖို့အတွက် ကြိမ်နှုန်းမြင့် ရေဒီယိုလှိုင်းတွေကို အသုံးပြုပါတယ်။ ဒါ့အပြင် ခွဲစိတ်မှု မတိုင်ခင် အကျိတ်အရွယ်အစားကိုလျှော့ချဖို့ ဓာတ်ရောင်ခြည်ကုထုံးကိုအသုံးပြုတာ လည်းဖြစ်နိုင်ပါတယ်။ ကင်ဆာဟာ နေရာတစ်ခုတည်းမှာ အနည်းငယ်သာရှိပြီး ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေဆီမပျံ့နှံ့သေးဘူးဆိုရင် ဒီကုသမှုနည်းလမ်းဟာ လွန်စွာအသုံးဝင်ပါတယ်။
ပစ်မှတ်ထားကုထုံး(Targeted Therapy) – ဒီကုသမှုနည်းလမ်းဟာ ဆဲလ်အတွက်တိကျတဲ့ဆေးတွေကို အသုံးပြုပြီး ကင်ဆာဆဲလ်များနဲ့ ကင်ဆာပျံ့နှံ့ မှုကို ဖျက်ဆီးရန်နဲ့ ထိန်းချုပ်ရန် ရည်ရွယ်ပါတယ်။ ပစ်မှတ်ထားကုထုံးဟာ တိတိကျကျ အသုံးပြုမယ်ဆိုရင် ထိရောက်မှုအရှိဆုံး ကုထုံးဖြစ်ပါတယ်။ ကုသမှုဟာ တစ်ယောက်နဲ့ တစ်ယောက်မတူညီတာကြောင့် ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် အတွေ့အကြုံရှိတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့ လုပ်ဆောင်ဖို့အရေးကြီးပါတယ်။ ဒီလိုမျိုး ကုသမှုနည်းလမ်း ကို “Precision Medicine” လို့ခေါ်တဲ့ တိကျခြင်းဆေးပညာရဲ့ နည်းလမ်းများအတိုင်း ညွှန်ကြားပေးထားပြီး တိကျမှုနဲ့ ထိရောက်မှုဟာ အကောင်းဆုံးရလဒ်များအတွက် အရေးကြီးတဲ့ အချက်များပဲဖြစ်ပါတယ်။