၁. တကယ်လို့ ဂိမ်းကစားတာနဲ့ပတ်သက်ပြီးတိကျတဲ့ စည်းမျဉ်းစည်းကမ်း မချမှတ်ရသေးဘူးဆိုရင် သူနဲ့ညှိပြီး အဆင်ပြေစေမယ့် စည်းကမ်းတစ်ခု သတ်မှတ်ပေးလိုက်ပါ။ ဂိမ်းကစားဖို့ အချိန်တစ်ခု ပေးလိုက်တာမျိုးပေါ့။
၂. သားသမီးအတွက်အချိန်ပိုပေးပါ။ သူတို့နဲ့ အပြင်အတူတူသွားတာမျိုး၊ သူတို့ကိုအဖော်လုပ်ပေးတာမျိုး စသည်ဖြင့် သူတို့စိတ်ထဲမှာ အထီးကျန်မှုကို မခံစားရအောင် လုပ်ပေးပါ။
၃. စိတ်ရှည်ရပါမယ်။ တကယ်လို့ ကလေးဟာ ချမှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာဘဲ ချိုးဖောက်တယ် ဆိုရင်တောင် ကလေးကို ဆူပူငေါက်ငန်းတာမျိုး၊ ရိုက်နှက်တာမျိုး၊ အပြစ်ပေးတာမျိုးမလုပ်ဘဲ နားလည်အောင် ပြောပြပြီး ညှိနှိုင်းပါ။
၄. ဂိမ်းစွဲနေတဲ့သားသမီးအပေါ်မှာ နားလည်နိုင်အောင် အရင်ကြိုးစားပါ။ ကျောင်းဆင်းချိန်၊ ကျောင်းပိတ်ရက် စတာတွေမှာ အားကစားကွင်းတို့၊ တိရစ္ဆာန်ရုံတို့ စတာတွေကို အတူတူသွားခြင်း၊ ခရီးအတူထွက်ပေးခြင်း စတာတွေကိုလုပ်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ အားလပ်ချိန်ကို အသုံးပြုပေးပါ။
၅. တကယ်လို့ ကလေးဟာ ဂိမ်းကို အပြင်းအထန်စွဲလန်းနေတဲ့ သဘောတွေဖြစ်တဲ့ ရန်လိုတဲ့ အပြုအမူတွေ၊ ဂျစ်ကန်ကန်တွေ လုပ်လာပြီဆိုရင် မိဘတွေအနေနဲ့ ကလေးဟာ ဒီဂိမ်းကို ဘာဖြစ်လို့ ဒီလောက်တောင် စွဲနေရတာလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။ ကလေးနဲ့ အတူတူ ဂိမ်းကို ဝင်ကစားကြည့်ခြင်းအားဖြင့် အကဲဖြတ်နိုင်ပါတယ်။ သူကစားနေတဲ့ဂိမ်းဟာ ဘယ်လိုမှ မသင့်တော်ဘူးဆိုရင် အခြား သင့်တင့်လျောက်ပတ်တဲ့ ဂိမ်းတစ်ခုခုနဲ့ အစားထိုးတန်ရင် ထိုးပေးရပါမယ်။ သူ ဂိမ်းထိုင်ကစားနေပြီ ဆိုရင် သူနဲ့အတူတူထိုင်ပြီး အဲဒီဂိမ်းအကြောင်း ပြောတာတို့ ဘာတို့ ဆွေးနွေးပေးရင်း သူ့ ကို ဒီဂိမ်းအပေါ်မှာ တခြား ရှုထောင့်တစ်ခုကနေ ရှုမြင်သုံးသပ်မိအောင် လုပ်ပေးရပါမယ်။ တဖြည်းဖြည်းနဲ့ သူ့စိတ်ကို ဂိမ်းဘက်ကနေပြီး တခြား အလုပ်တွေ လှုပ်ရှားမှုတွေဘက်ကို ရောက်လာအောင် ရွှေ့ယူပြီး အဲဒီဘက်မှာ ပျော်မွေ့နိုင်အောင် လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
၆. မိဘတွေအနေနဲ့ ကလေး ဂိမ်းစွဲနေတာကို ဖြတ်လို့ရအောင်နည်းမျိုးစုံနဲ့ကြိုးစားပြီးလို့မှ မအောင်မြင်တဲ့ နောက်မှာတော့ ကလေးကို စိတ်ရောဂါဆရာဝန်ဆီ ခေါ်သွားဖို့ပဲ ရှိပါတော့တယ်။ ဘာလို့ဆို သူ့မှာ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတစ်ခုခု ဖြစ်နေတဲ့အဆင့်ကို ရောက်နေပြီမို့လို့ပဲ ဖြစ်ပါတယ်။ ဆရာဝန်က သေသေချာချာ စမ်းသပ်စစ်ဆေးပြီး သူနဲ့ သင့်တော်တဲ့ အစီအစဉ်တစ်ခုခုကို ချမှတ်ပေးပြီး ထိထိရောက်ရောက် ကျင့်သုံးစေတဲ့ အပြင် နောက်ဆက်တွဲကုသမှုတွေကိုလည်း စနစ်တကျ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။
သားသမီးများအားလုံး ဂိမ်းစွဲတဲ့ဘေးကနေ လွတ်ကင်းကြပြီး ဖေဖေမေမေတို့နဲ့အတူ ပျော်ရွှင်စရာမိသားစုကလေး တည်ဆောက်နိုင်ပါစေ။