သေသေချာချာ ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားခြင်းဖြင့် ထိခိုက်ဒဏ်ရာရမှုများကို သိသိသာသာလျှော့ချနိုင်ပါတယ်။ လေ့လာမှုများအရ ကလေး ကားထိုင်ခုံများကို အသုံးပြုခြင်းဖြင့် ယာဉ်မတော်တဆမှုမှာ ကလေးကို ထိခိုက်နိုင်မှုကို ၇၀ ကနေ ၈၀% လောက်အထိ လျှော့ချနိုင်တာကို တွေ့ရပါတယ်။
ကလေးတွေရဲ့ ကိုယ်ခန္ဓာလေးတွေဆိုတာ အပြည့်အဝမဖွံ့ဖြိုးသေးဘူးလေ။ နုလည်း နုသေးတယ်။ ဒါကြောင့် ကားထိုင်ခုံက လူကြီးခါးပတ်တွေနဲ့ မသင့်တော်ဘူး။ ဒါကြောင့် ကလေးငယ်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ ကားထိုင်ခုံနဲ့ ခါးပတ်ဟာ အထူးအရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ မပြောကောင်း မဆိုကောင်း ယာဉ်မတော်တဆမှုများဖြစ်ခဲ့ရင် ကလေးတွေဟာ ထိုင်ခုံကနေ လွင့်ထွက်လာပြီး ခေါင်း တို့၊ ခါးရိုးတို့၊ အဆုတ်ထဲဖောက်ဝင်သွားတာတို့၊ အသည်းကွဲသွားတာတို့၊ သရက်ရွက်ကွာသွားတာတို့ တခြား ကိုယ်တွင်းအင်္ဂါတွေထိခိုက်ပြီး အတွင်းကြေ ကြေသွားတာတို့ စတဲ့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရာမှုတွေ ဖြစ်လာနိုင်ပါတယ်။ ပြင်းထန်တဲ့ မတော်တဆမှုတွေမှာဆိုရင် ကလေးကို ပြည့်စုံလုံလောက်တဲ့ အကာအကွယ်တွေ ပေးမထားရင် သေတောင် သေနိုင်ပါတယ်။
တစ်ချို့ မိဘတွေ ကားစီးရင် ကလေးတွေကို ပေါင်ပေါ်တင်ထားတာ၊ ရင်ခွင်ထဲပိုက်ထားတာတွေလည်း လုပ်လေ့ ရှိပါသေးတယ်။ မိဘရင်ခွင်ဟာ သားသမီးတွေအတွက် အလုံခြုံဆုံးလို့ ဆိုပေတာကိုး။ တကယ့်တကယ် အက်ဆိဒင့် ဖြစ်တဲ့အခါ ကလေးတွေဟာ လွင့်ထွက်သွားပြီး ဖမ်းမမိဖြစ်တတ်ပါတယ်။ တစ်ချို့ကလည်း ကလေးကိုပါ ခါးပတ်ထဲ ထည့်ပတ်ထားကြတာမို့ ယာဉ်တိုက်မှုဖြစ်ပြီး အခန့်မသင့်ရင် ကိုယ့်ကိုယ်လုံးနဲ့ ဖိမိပြီး ကလေးခမျာ ညှပ်လို့ သေရတာမျိုးတွေလည်း ရှိဖူးပါတယ်။
မွေးခါစကနေ ၁၃ နှစ်အထိ ကလေးထိုင်ခုံနဲ့ ထိုင်ခိုင်းသင့်ပါတယ်။ ထွားလာတာနဲ့ အမျှ အရွယ်အလိုက် ကလေးကားထိုင်ခုံကို ရွေးချယ်နိုင်ပါတယ်။ ဆိုက်အမျိုးမျိုး၊ ကွာလတီအမျိုးမျိုး ရွေးချယ်စရာတွေ အများကြီးရှိတဲ့အနက် လုံခြုံမှုအပေးနိုင်ဆုံး safety အကောင်းဆုံး အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။
ယေဘုယျအားဖြင့် ကလေးရဲ့ အသက်၊ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်အလိုက် သင့်တော်တဲ့ ကားထိုင်ခုံကို ရွေးချယ်ဖို့ ၃ မျိုးခွဲထားပါတယ်။
မိဘတွေအနေနဲ့ ကားထိုင်ခုံကို မှန်မှန်ကန်ကန်တပ်ဆင်တတ်ဖို့ အရေးကြီးပါတယ်။ ကားမထွက်ခင် ကားထိုင်ခုံဟာ “အံဝင်ခွင်ကျ” ရှိရဲ့လားဆိုတာ သေသေချာချာ စစ်ဆေးရမှာ ဖြစ်ပါတယ်။
ကလေးလေးတွေကို ကားနဲ့ခေါ်သွားတော့မယ်ဆိုရင် ကားထိုင်ခုံနဲ့စီးဖို့ အကျင့်ရအောင် မွေးကင်းစကတည်းက ထည့်စီးပါလို့ အကြံပြုကြပါတယ်။ အစပိုင်းတော့ ဈေးသွားတာတို့ ဘာတို့ စတဲ့ ခရီးတိုလေးတွေပေါ့။ အလေ့အကျင့်ရနေဖို့ က အဓိကပါ။ ဘာလို့ဆို ၈လ တစ်နှစ်လောက်ဆို ဂျီကျ ကြတော့မယ်လေ။ အော်ရင် ငိုပြရင် အလိုလိုက်တော့မယ်ဆိုတာ သူတို့ သိနေကြပြီလေ။ မိဘတွေ အနေနဲ့ စိတ်ရှည်ဖို့ လိုပါတယ်။ ကားထိုင်ခုံထဲထည့်ထားလို့ အော်နေ ငိုနေ မယ်ဆိုရင် ကားခဏရပ်ပြီး ဟိုနား သည်နား လမ်းပေးလျှောက်တာတို့၊ အရုပ်ကလေးပေးပြီး အာရုံလွှဲထားတာတို့ စ တာတွေ လုပ်ပြီး ကားထိုင်ခုံထဲမှာ အေးအေးဆေးဆေးထိုင်လိုက်လာအောင် လုပ်ပေးကြရမှာဖြစ်ပါတယ် လို့ သားသားမီးမီးတို့ကို ကားနဲ့ခေါ်သွားတော့မယ်ဆိုရင် အန္တရာယ်ကင်း ဘေးရှင်းစေဖို့ အကြံပြု ရေးသားလိုက်ရပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်