အရက်ကြောင့်ဖြစ်တဲ့ ဦးနှောက်ပျက်စီးမှု

အရက်ကြောင့်ဖြစ်တဲ့ ဦးနှောက်ပျက်စီးမှု

အနှစ်ချုပ်

  • အရက်ကြောင့်ဖြစ်တဲ့ ဦးနှောက်ပျက်စီးမှုဟာ စိတ်အပြောင်းအလဲနဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းအပါအဝင် လူတစ်ဦးရဲ့ စရိုက်လက္ခဏာများကို ရေရှည်မှာ ထိခိုက်စေပါတယ်။
  • လိင်ဟော်မုန်း ၊ ကိုယ်အလေးချိန် ၊ ခန္ဓာကိုယ်အဆီပမာဏ စတာတွေမှာ မတူညီတာကြောင့် မိန်းကလေးတွေမှာ ယောက်ျားလေးများထက်ပိုပြီး အရက်ကြောင့် ထိခိုက်မှု ပိုမိုပြင်းထန်ပါတယ်။
  • အရက်ကြောင့်ဖြစ်တဲ့ ဦးနှောက်ပျက်စီးယိုယွင်းမှုဟာ ကုသလိုရတဲ့ အခြေအနေ ဖြစ်ပြီး သင့်လျော်တဲ့ ရောဂါရှာဖွေမှု ၊ ကုသမှု များလုပ်ဆောင်ခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်ပါတယ်။

အရက်သောက်သုံးခြင်းကြောင့် ဦးနှောက်ကိုထိခိုက်စေခြင်း

အယ်လ်ကိုဟောပါတဲ့ အရည်များကိုသောက်ပြီးနောက် အယ်လ်ကိုဟောကို သွေးကြောများမှ စုပ်ယူလိုက်ပြီး ဦးနှောက်ဆီ တိုက်ရိုက် ပို့ဆောင်ကာ ဦးနှောက်ဆဲလ် များကို ထိခိုက်စေပါတယ်။ ပျက်စီးသွားတဲ့ ဦးနှောက်ဆဲလ်တွေဟာ ပုံမှန်အတိုင်း မစွမ်းဆောင်နိုင်တော့ဘဲ Neurotransmitters ခေါ်  အာရုံကြောတစ်ခုမှ တစ်ခုသို့ လှုံ့ဆော်ပေးတဲ့ ကြားခံပစ္စည်းထုတ်လုပ်မှု လျော့ကျလာကာ ဦးနှောက်တစ်ရှူးများ ဟာလည်း ပုံမှန်ပိုပြီး လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ပျက်စီးပါတော့တယ်။ ဦးနှောက်ကျုံ့မှု (Cerebral Atrophy) လည်း ဖြစ်ပေါ်ပြီး ဦးနှောက်ကို အထောက် အကူပြုတဲ့ အဆိုပါဆဲလ်များကိုလည်း ပျက်စီးစေပါတယ်။ ဒါ့အပြင် အရက်ဟာ ဗီတာမင် B1 စုပ်ယူမှုနဲ့ လုပ်ဆောင်မှု အပေါ်ကိုလည်း ထိခိုက်စေခြင်းကြောင့် ဗီတာမင် B1 ချို့တဲ့မှု ဖြစ်လာနိုင်ပါတယ်။ အရက်သောက်သူများအနေနဲ့ တခြားသော ဓာတ်ချို့ယွင်းမှုများလည်း ဖြစ်ပေါ်လာကာ ဦးနှောက်ဟာ ပိုမိုမြန်ဆန်စွာ ပျက်စီးတဲ့ အထိ ဖြစ်လာနိုင်ပါတယ်။

အရက်ကြောင့်ဖြစ်တဲ့ ဦးနှောက်ပျက်စီးမှုများ

  • ရုတ်တရက်/အချိန်တိုအတွင်းဖြစ်လာနိုင်တဲ့လက္ခဏာများ - အချိန်တိုအတွင်း ပြတဲ့ လက္ခဏာများအနေနဲ့ ကြွက်သားလုပ်ဆောင်မှုယိုယွင်းခြင်း ၊ မကြာသေးခင်က အဖြစ်အပျက်များကိုမှတ်မိနိုင်စွမ်းလျော့ကျခြင်း ၊ ချက်ကျ လက်ကျတွေးခေါ်နိုင်မှု  အကြောင်းပြမှု ပျောက်ဆုံးခြင်း ၊ ခန္ဓာကိုယ်ဟန်ချက် မညီမျှမှုပြဿနာဖြစ်စေတဲ့အထိ လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အရက်အများကြီးသောက်မိတယ်ဆိုရင်လည်း အသက်ရှူခြင်း ကိုထိခိုက်စေခြင်း ၊ ခန္ဓာကိုယ်တစ်ခုလုံး ခံစားမှုပျောက်ဆုံးခြင်း စတာတွေအထိဖြစ်နိုင်ပါတယ်။
  • ရေရှည်ဖြစ်လာနိုင်တဲ့ပြဿနာများ - ရေရှည်မှာဖြစ်လာနိုင်တဲ့ ပြဿနာများကတော့ စိတ်ခံစားမှုနဲ့ စရိုက်လက္ခဏာများပြောင်းလဲခြင်း ၊ ဒေါသ မထိန်းနိုင်ဘဲ မလုပ်သင့်တဲ့ အပြုအမူများပြသခြင်း ၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း ၊ အချက်အလက်များထိန်းချုပ်ခြင်းနဲ့ဆိုင်တဲ့ပြဿနများ ၊ စကားပြောဆိုမှုနဲ့ သင်ယူမှုပြဿနာများ ၊ ရှိနေပြီးသား အဖြစ်အပျက်များကို မမှန်ကန်တဲ့ အဖြစ်အပျက်များနဲ့လွဲမှားခြင်း (စိတ်ကူးယဉ်ဇာတ်လမ်းများပြောခြင်း) စ တာတွေပါဝင်ပါတယ် ။ လိင်ဟော်မုန်း ၊ ခန္ဓာကိုယ်အဆီပမာဏ စတာတွအပါအဝင် မတူကွဲပြားမှုတွေ အများကြီးရှိ တာကြောင့် အရက်ဟာ အမျိုးသားများထက် အမျိုးသမီးများကို ပိုပြီး ဆိုးကျိုး သက်ရောက်စေပါတယ်။

 အရက်ဟာ လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့အာရုံကြောမစနစ်ကို ထိခိုက်စေခြင်းအပြင် အောက်ဖော်ပြပါ အာရုံကြောစနစ်များကိုလည်း ဆိုးကျိုးဖြစ်စေပါတယ်။

  • ကြွက်သားကိုထိခိုက်စေတဲ့အာရုံကြောများ(Motor Nervers) ကို ထိခိုက်စေပြီး လက်နဲ့ခြေထောက်များကို ချိနဲ့သွားစေပါတယ်။
  • အာရုံခံစားမှုဆိုင်ရာအာရုံကြော(Sensory Nerves) များကို ထိခိုက်စေခြင်းကြောင့် လက်နဲ့ခြေဖဝါးမှာ ထုံကျင်မှုဝေဒနာကိုခံစားရစေကာ လမ်းလျှောက်ချိန်ဟန်ချက်မညီတဲ့ ပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။
  • ခန္ဓာကိုယ်လုပ်ဆောင်မှုကိုထိန်းညှိပေးတဲ့အာရုံကြော (Autonomic Nerves) ကို ထိခိုက်ခြင်းကြောင့် ထိုင်နေရာကနေ(သို့) လှဲနေရာကနေ မတ်တပ်ရပ်ချိန်မှာ သွေးပေါင်ကျခြင်း ၊ နှလုံးခုန်မမှန်ခြင်း ၊ ချွေး တံတွေးနှင့် အစာချေရည်ထုတ်လုပ်မှုများ ပုံမှန်မဟုတ်ခြင်း ကနေတစ်ဆင့် မအီမသာဖြစ်ခြင်း ၊ ပျို့အန်ခြင်း ၊ ဝမ်းလျှောခြင်း စတာတွေ ခံစားရနိုင်ပါတယ်။

အရက်ကြောင့်ဖြစ်တဲ့ ဦးနှောက်ပျက်စီးမှုကိုစစ်ဆေးခြင်း

ဆရာဝန်က အရက်အမျိုးအစားနဲ့သောက်သုံးခဲ့တဲ့ ပမာဏ ၊ အရက်သောက်သုံးမှု အမူအကျင့် စတာတွေအပါအဝင် လူနာရဲ့ အရက်သောက်သုံးမှု ရာဇဝင်ကို မေးမြန်းမှာ ဖြစ်ပါတယ်။ အဲဒီအပြင် ပင်မအာရုံကြောစနစ်လုပ်ဆောင်မှုကိုအသေးစိတ်စစ်ဆေးဖို့ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးခြင်း ၊ ကြွက်သားနှင့်အရေပြားဆိုင်ရာလုပ်ဆောင်မှု များ စစ်ဆေးခြင်း ၊ လှုံ့ဆော်မှု ၊ ဟန်ချက်ညီမှု များအပြင် သွေးဖိအားထိန်းညှိခြင်း ၊ ခန္ဓာကိုယ်အပူချိန် ၊ သွေးခုန်နှုန်း ကဲ့သို့ ခန္ဓာကိုယ်လုပ်ဆောင်ချက်ထိန်းညှိမှုအာရုံကြော စနစ်များနဲ့ဆက်စပ်နေတဲ့ အရာများကို စစ်ဆေးမှာဖြစ်ပါတယ်။ သွေးတွင်းအယ်လ်ဗျူမင်ပရိုတိန်းပမာဏ ၊ အသည်းလုပ်ဆောင်မှု ၊ ဗီတာမင်ဘီပမာဏ ၊ သွေးတွင်းသကြားဓာတ်နှင့်ကိုလက်စ်ထရောလ်ပမာဏ စတဲ့ ဓာတ်ခွဲခန်းစစ်ဆေးမှုများနဲ့ အတူ မှတ်ဉာဏ်လုပ်ဆောင်မှု စစ်ဆေးခြင်းကိုလည်း လုပ်ဆောင်မှာဖြစ်ပါတယ်။ ရောဂါရှာဖွေမှုအတွက် ဦးနှောက်ပုံရိပ်ဖော်ြခင်း(Brain Imaging )ကိုလည်း လုပ်ဆောင်မှာ ပါ။ ဒီလုပ်‌ဆောင်မှုအဆင့်ဆင့်အားလုံးကိုပေါင်းစပ်ပြီး ဦးနှောက်ပျက်စီးမှု ပမာဏဘယ်လောက်ရှိနေလဲဆိုတာကို အနှစ်ချုပ်တွက်ထုတ်ပေးမှာဖြစ်ပါတယ်။

တချို့သော အရက်ကြောင့်ဖြစ်တဲ့ဦးနှောက်ထိခိုက်ပျက်စီးမှုများဟာ အယ်လ်ဇိုင်းမား ရောဂါရဲ့ ကနဦးအဆင့်နဲ့ လွဲမှားတတ်လေ့ရှိကြပါတယ်။ မတူညီတဲ့တစ်ချက်ကတော့ အရက်ကြောင့်ဖြစ်တဲ့ဦးနှောက်ထိခိုက်ပျက်စီးမှုဟာ သင့်လျော်တဲ့ကုသမှုများနဲ့ တိုးတက်ကောင်းမွန်နိုင်သလို တခြားဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေကိုလည်း ကြိုတင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် သင့်လျော်တဲ့ စစ်ဆေးမှုနည်းလမ်းများဟာ မြန်ဆန်ပြီး အောင်မြင်တဲ့ ကုသမှုအခြေအနေတစ်ခုအဖြစ် မြှင့်တင်ပေးနိုင်ပါတယ်။

အရက်ကြောင့်ဖြစ်တဲ့ဦးနှောက်ထိခိုက်မှုကိုကုသခြင်း

အရေးအကြီးဆုံးလုပ်ဆောင်မှုတစ်ခုကတော့ အရက်သောက်ခြင်းကို လုံးဝ စွန့်လွှတ်လိုက်ဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ဦးနှောက်ဆဲလ် တွေကို တိုက်ရိုက်ဖျက်စီးနိုင်တဲ့ အဆိပ်အတောက်တွေကို လျှော့ချပေးကာ ဆဲလ်တွေကို ပြန်လည်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။ ဗီတာမင် B1 ချို့တဲ့မှုအတွက် ဗီတာမင် B1 အကြောဆေးသွင်းပြီးကုသနိုင်ပါတယ်။ ဒါဟာ ဦးနှောက်ပျက်စီးမှု အနည်းဆုံးအခြေအနေဆိုရင် တကယ်ကို အသုံးဝင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ မပျက်စီးသေးတဲ့ ဦးနှောက်အစိတ်အပိုင်းများဟာလည်း ပြန်ပြီး အကောင်းအတိုင်း ပြန်ဖြစ်နိုင်ပါတယ်။ ဒီကုသမှုနည်းလမ်းဟာ သတ္တုဓာတ်ချို့တဲ့မှု ၊ သွေးတွင်းသကြားဓာတ်များခြင်း ၊ ကိုလက်စ်ထရောလ်များခြင်း စတဲ့ တခြားသော ပြဿနာများကိုပါ လျှော့ချပေးနိုင်ပါတယ်။

ဗီတာမင် B1 ကို (၅)-(၇) ရက် ကျော်အလွန်အကျွံထိုးခြင်းဟာ ဗီတာမင် B1 ချို့တဲ့ပြီး ဦးနှောက်ပျက်စီးမှု ကြုံတွေ့နေရတဲ့ လူနာတွေကို ကုသရာမှာ အံ့သြဖွယ်ကောင်းလောက် အောင် ထိရောက်တာကို တွေ့ရပါတယ်။

တကယ်လို့သင်ဟာ အရက်အလွန်အကျွံသောက်သုံးသူဖြစ်ပြီး အထက်ဖော်ပြပါ လက္ခဏာတွေကိုကြုံတွေ့ရတယ်ဆိုရင် ကျန်းမာရေးကောင်းမွန်အောင် ထိန်းသိမ်းဖို့ အတွက် စစ်ဆေးမှုတွေကို လုပ်ဆောင်ဖို့လိုကြောင်း အကြံပြုအပ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။