ပန်းနာရင်ကျပ်ရောဂါဆိုတာ ဓာတ်မတည့်မှုကြောင့် အသက်ရှူလမ်းကြောင်းရောင်ရမ်းမှု နာတာရှည်ဖြစ်နေတာကို ခေါ်ပါတယ်။ ပန်းနာရင်ကျပ်ဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ bronchial hyperresponsiveness (အသက်ရှူ လမ်းကြောင်းကိုကျဉ်းသွားအောင်လှုံ့ဆော်တဲ့ အာရုံခံနိုင်စွမ်းတွေ မြင့်နေတာ)၊ bronchospasms (ပြင်ပက လှုံ့ဆော်မှု တစ်ခုခုကြောင့် အသက်ရှူလမ်းကြောင်းက ကြွက်သားတွေ အလိုလို ကျဉ်းသွားတာ)၊ အသက်ရှူလမ်းကြောင်းကိုက ကျဉ်းနေတာ စတဲ့ အကြောင်းရင်းတွေ ပါဝင်ပါတယ်။ ရင်ကျပ်တာဟာ အသက်ရှူလမ်းကြောင်းထဲမှာရှိတဲ့ နူးညံ့တဲ့ ကြွက်သားတွေ ပြတ်တောင်းပြတ်တောင်း ကျုံ့နေတာဖြစ်တဲ့အတွက် ဝေဒနာရှင်ဟာ တစ်ခါတစ်လေ သူရင်ကျပ်နေမှန်း အသက်ရှူမဝဖြစ်နေမှန်းတောင် မသိနိုင်ဘဲ သာမန်လူတွေလိုပဲ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်နေပါတယ်။ ဒီလို လက္ခဏာမပြတဲ့ ဝေဒနာရှင်တွေမှာ ရင်ကျပ်တဲ့ရောဂါ ရှိ/မရှိ ဆရာဝန်တွေတာင် မစမ်းသပ်ဘဲ တပ်အပ် မပြောနိုင်ပါဘူး။ ဒါကြောင့် ရောဂါအခြေအနေ အမှန်ကို သိနိုင်စေဖို့ လူနာရဲ့ ရောဂါရာဇဝင်ကို သေသေချာချာ ဆန်းစစ်ဖို့နဲ့ လူနာကို သေသေချာချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။
ဖော်ပြပါ လက္ခဏာတွေဟာ ညပိုင်းနဲ့ မနက်အစောပိုင်းတွေမှာ အဖြစ်များတတ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နေတဲ့အခါ၊ ကူးစက်ခံရတဲ့အခါမျိုးမှာလည်း ဖြစ်လာတတ်ပါတယ်။
ပန်းနာထလာဖို့ သူများထက်ပိုပြီး လွယ်ကူတဲ့ ရင်ကျပ်ဝေဒနာရှင်တွေဟာ သူတို့ အလာဂျီဖြစ်တဲ့ဟာ တစ်ခုခုနဲ့ တွေ့လိုက်ရပြီဆိုတာနဲ့ အသက်ရှူလမ်းကြောင်းဟာ တင်းပြီး ကျုံ့သွားတဲ့အတွက် ကျဉ်းမြောင်းလာပါတယ်။ အဲဒီနောက် ချောင်းတွေဆိုးလာတာ၊ အသက်ရှူကျပ်လာတာနဲ့ အသက်ရှူရင် တရွှီရွှီ မြည်လာတော့တာပါပဲ။
အသက်ရှူမရ၊ အသက်ရှူရခက်ခဲခြင်း နဲ့ အသက်ရှူစဉ် ရွှီး ရွှီး မြည်ခြင်းတို့ဟာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်း ကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်များပဲ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းတစ်လျှောက်က ကြွက်သားတွေ မကြာခဏ ရောင်ရမ်းခြင်းဖြစ်ရတာကနေ အသက်ရှူပေါက်ပိတ်ခြင်းကို ဦးတည်နေပါတယ်။ အသက်ရှူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ တစ်သျှူးတွေဟာ ရောင်ရမ်းပြီး စေးကပ်လာကြတာကြောင့် အဆုတ်ဟာ သူ့ရဲ့ လုပ်ငန်းကို အပြည့်အဝ မဆောင်ရွက်နိုင်တော့တဲ့အတွက် ပန်းနာဝေဒနာရှင်ဟာ ပုံမှန်လူတွေထက်ပိုပြီး လေ ကို ငတ် လာတဲ့ပြီး အသက်ကို အငမ်းမရ ရှူကြရရှာပါတယ်။
တစ်ချို့လူနာတွေမှာ အသက်ရှူရခက်ခဲခြင်းနဲ့ တရွှီးရွှီး မြည်ခြင်းတို့ဟာ အလိုအလျောက် ပြန်ကောင်းသွားတဲ့အခါမျိုး ရှိသလို အသက်ရှူလမ်းကြောင်းကို ချဲ့ပေးတဲ့ ဆေးမျိုး ပေးလိုက်ရတဲ့အခါမျိုးလည်း ရှိပါတယ်။ လေရှူလမ်းကြောင်း တအားပိတ်သွားတဲ့အခါမျိုးမှာ လူနာဟာ အသက်ရှူကြပ်တဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရမှာဖြစ်ပါတယ်။ လေရှူရှိုက်နိုင်မှုဟာ အကန့်အသတ်နဲ့ဖြစ်သွားခြင်း၊ အသက်ရှူနိုင်စွမ်းမရှိတော့ခြင်း၊ အောက်ဆီဂျင် ပြတ်သွားခြင်း စတာတွေ ဖြစ်လာတဲ့အတွက် ဆေးရုံတင်ထားရခြင်း၊ အရေးပေါ်အခန်းမှာကုသပေးရခြင်း စတဲ့ ထိရောက်တဲ့ ကုသမှုကို အချိန်မီ မခံယူရင် အသက်အန္တရာယ်ကို ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
ပန်းနာရင်ကြပ်ရှိတဲ့ ကလေး ၃ ယောက်မှာ ၂ ယောက်ဟာ အခြားဓာတ်မတည့်မှုများကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ ဒီလိုကလေးမှာ နှာခေါင်းလမ်းကြောင်းနဲ့ဆက်စပ်တဲ့ လက္ခဏာတွေနဲ့ ကြုံတွေ့နေရပြီဆိုရင် အသက်ရှူရ ခက်ခဲတဲ့ ပြဿနာဟာလည်း ပိုဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ အဲဒီ နှာခေါင်းလမ်းကြောင်းပြဿနာကို သေသေချာချာ ထိန်းချုပ်ထားနိုင်ရင် သူတို့မှာ ပန်းနာရင်ကျပ်ကြောင့်ဖြစ်ရတဲ့ အသက်ရှူရခက်ခဲမှုကိုလည်း အများကြီး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ပန်းနာရင်ကျပ် ဖြစ်ပွားမှုဟာ ကလေးတွေမှာ ဆက်တိုက်တိုးပွားလျက်ရှိနေပါတယ်။ ချောင်းဆိုခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ တရွှီးရွှီ အသံမြည်နေခြင်း၊ ရင်ထဲမှာ တင်းကျပ်နေခြင်း စတာတွေကို ခံစားနေကြရပါတယ်။ ဆရာဝန်တွေဟာ ရောဂါရှာတဲ့နေရာမှာ လူနာရဲ့ ရောဂါရာဇဝင်အပေါ်မှာပဲ မူတည်ပြီး ရှာနေကြရပါတယ်။ တစ်ကိုယ်လုံးကို စစ်ဆေးတာ၊ ဓာတ်မတည့်မှု စစ်ဆေးတာ၊ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို စစ်ကြည့်တာ စတာတွေ ကိုလည်း လုပ်ကြပါတယ်။ peak flow meter လို့ ခေါ်တဲ့ အဆုတ်ရဲ့ လေမှုတ်အားကို စမ်းတဲ့ ကိရိယာလေးနဲ့ မှုတ်ကြည့် ခိုင်းပြီး စမ်းသပ်တာမျိုးလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေအားလုံးဟာ လူနာက လိုက်လုပ်နိုင်စွမ်းရှိမှ လုပ်လို့ရတာဖြစ်တဲ့အတွက် အငယ်ဆုံး ၆ နှစ်နဲ့ အထက်ကို မှ လုပ်လို့ အဆင်ပြေပါတယ်။ ကလေးပေါက်စလေးတွေမှာ ကျတော့ spirometry လို peak flow meter လိုဟာမျိုးနဲ့ မှုတ်ခိုင်းပြီး တိုင်းကြည့်လို့ မရနိုင်တဲ့အတွက် အောက်ပါ အခြားစမ်းသပ်မှုနည်းလမ်းများကို ရှာဖွေ ဖော်ထုတ်ထားရပါတယ်။
၁. Forced oscillation technique (FOT) နည်းလမ်းဖြင့် လေမှုတ်နိုင်စွမ်းကို စစ်ဆေးခြင်း
ဒီနည်းကတော့ လေလမ်းကြောင်းရဲ့ ခုခံနိုင်စွမ်းအားကို စစ်ဆေးတဲ့နည်းပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ရှိသူတွေရဲ့ အသက်ရှူလမ်းကြောင်းခုခံနိုင်အားဟာ ရိုးရိုးသာမာန်လူတွေထက် အထက်ပိုင်းနဲ့ အောက်ပိုင်းမှာ ပိုမြင့်မားတာကို တွေ့ရပါတယ်။ ကလေးကို ပုံမှန်အသက်ရှူသွင်းခိုင်းပြီး ကိရိယာလေးတစ်ခုထဲကို အားပြင်းပြင်းနဲ့ မှုတ်ထည့် ခိုင်းတာပဲ ဖြစ်ပါတယ်။ စမ်းသပ်မှုတစ်ကြိမ် အပြည့်အစုံလုပ်နိုင်ဖို့ စက္ကန့် ၂၀ သာ ကြာမြင့်ပြီး ရိုးရှင်းကာ အဆင်ပြေပါတယ်။ အသက် ၃ နှစ်နဲ့ အထက် ကလေးတွေမှာ စတင် လုပ်ဆောင်နိုင်ပြီး ရင်ကျပ်ရောဂါ ရှိမရှိ သံသယ ဖြစ်နိုင်တဲ့ ကလေးများအတွက် ရောဂါလက္ခဏာကနဦးစမ်းသပ်မှုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။
၁. လေမှုတ်ထုတ်ရာတွင် နိုက်ထရစ်အောက်ဆိုက် ပါဝင်မှုကို စစ်ဆေးခြင်း
ဒါကတော့ လူကြီးရော ကလေးများမှာပါ အသက်ရှူထုတ်လိုက်ရာမှာ ပါဝင်လာတဲ့ နိုင်ထရစ်အောက်ဆိုက် ပြင်းအားကို တိုင်းတာတဲ့ ကိရိယာနဲ့ စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ဓာတ်မတည့်မှု နဲ့ ရင်ကျပ်နေတဲ့ လူနာတွေ ရှူထုတ်လိုက်တဲ့ လေထဲမှာ နိုက်ထရစ်အောက်ဆိုက် ပါဝင်မှုနှုန်းကို တိုင်းတာခြင်းဖြင့် အတွင်းက အသက်ရှူလမ်းကြောင်းမျာ ရောင်ရမ်းနေတဲ့ အတိုင်းအတာကို သိရှိနိုင်ပါတယ်။ ကလေးဘဝအစောပိုင်း ရင်ကျပ်ရောဂါရှာဖွေမှုနဲ့ ကော်တီကိုစတီးရွိုက်စတဲ့ ရှူဆေးများနဲ့ ကုသမှုအပြီး ရောဂါကို စောင့်ကြည့်ရာမှာ အထောက်အကူပြုဖို့ သုံးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း ရိုးရှင်းပြီး အဆင်ပြေတဲ့နည်းလမ်းတစ်ခု ဖြစ်တဲ့အတွက် အသက် ၃ နှစ်နဲ့ အထက်ကလေးငယ်များအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။
(ပန်းနာရင်ကျပ်ဝေဒနာရှင်တိုင်း အသက်ရှူပြင်းအားတိုင်းတာခြင်းကို ပြုလုပ်သင့်ကြပါတယ်။ ဒါမှ ရင်ကျပ်ရောဂါ တစ်ကယ်ရှိမရှိ သိနိုင်မှု ဖြစ်တဲ့အပြင် ရှိနေပြီဆိုရင်လည်း ဘယ်အတိုင်းအတာအထိ ကျပ်နေတာလဲဆိုတာကို သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။)
– အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုင်းတဲ့ Peak Flow Meter ဆိုရင် ရိုးရှင်းလွယ်ကူပြီး လူနာကိုယ်တိုင် အိမ်မှာ တိုင်းကြည့်နိုင်ပါတယ်။ လေကို ဘယ်လောက်အားနဲ့ မှုတ်ထုတ်နိုင်သလဲဆိုတာကို တိုင်းတာပဲ ဖြစ်ပါတယ်။ ရင် ဘယ်အတိုင်းအတာအထိ ကျပ် နေသလဲဆိုတာကိုပါ အမြန်သိနိုင်တဲ့ နည်းကလေးပဲ ဖြစ်ပါတယ်။
– အသက်ရှူလမ်းကြောင်းရဲ့ တုန့်ပြန်နိုင်စွမ်းကိုတော့ Bronchial Provocation Test နဲ့ တိုင်းတာရပါတယ်။ ဒါကတော့ ရင်ကျပ်နေပေမယ့် အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုင်းကြည့်တဲ့အခါမှာ ပုံမှန်ဖြစ်နေတဲ့ လူနာမျိုးအတွက် သုံးပါတယ်။
ဒီစမ်းသပ်နည်းနဲ့ စမ်းမယ်ဆိုရင် အသက်ရှူအားစမ်းတဲ့ Spirometry test ကို အရင်တိုင်းရပါမယ်။ အဲဒီနောက် Methacholine ကဲ့သို့သော လှုံ့ဆော်ပေးတဲ့ ဆေးတစ်မျိုးကိ ရှူသွင်းခိုင်းပြီး Spirometry ပြန်တိုင်းရပါမယ်။ တကယ်လို့ ရှူထုတ်တဲ့အားဟာ ၂၀% အောက်အထိ ကျမသွားဘူးဆိုရင် Methacholine ကို နောက်တစ်ဆင့် တက် ပေးရပါတယ်။ ၂၀% ကျသွားတဲ့အထိ ထပ်ခါထပ်ခါ လုပ်ရပါမယ်။ ဆရာဝန်က တိုင်းတာရရှိမှုကို ဂရပ်ဖ်ဆွဲပြပါလိမ့်မယ်။
– ရင်ကျပ်ခြင်းနဲ့ အလားတူ အခြားရောဂါများ ရှိမရှိ ဆိုတာကတော့ ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
အရင်တုန်းကတော့ ဓာတ်မတည့်မှုဖြစ်တဲ့ အကြောင်းရင်းတွေဘာတွေကို မဖော်ထုတ်နိုင်သေးတဲ့အတွက် ပန်းနာရင်ကျပ်ကို ပေျာက်အောင် ကုမပေးနိုင်ခဲ့ကြပါဘူး။ အသက်ရှူရလွယ်ကူစေတဲ့ ဆေးလေးပဲ ပေးထားနိုင်ခဲ့ပါတယ်။
ခုတော့ ရင်ကျပ်ပန်းနာနဲ့ပတ်သက်ပြီးလေ့လာတွေ့ရှိမှုတွေ အများကြီးလုပ်ဆောင်နိုင်ခဲ့ပြီး ကုသမှုပေးတဲ့ ကုထုံး တွေဟာလည်း အရင်ကထက်အများကြီး အဆင့်မြင့်လာပြီး အမြစ်ပြတ်သွားတဲ့အထိတောင် ကုပေးနိုင်နေပြီ ဖြစ်ပါတယ်။ တစ်ချို့ နည်းလမ်းတွေကို ဖော်ပြလိုက်ရပါတယ်။
ရှူဆေး ရှူသွင်းခြင်းကတော့ အထိရောက်ဆုံး ကုထုံးဖြစ်ပြီး ဖြစ်နေတဲ့နေရာကို တိုက်ရိုက် ရောက်ရှိပါတယ်။ ပမာဏ နည်းနည်းလေးနဲ့တင် ထိရောက်မှု ကောင်းမွန်ပါတယ်။ သောက်ဆေးထက်ပိုပြီး ဘေးထွက်ဆိုးကျိုး နည်းပါတယ်။ ခုခုနလာလာဆယ်တော့ ပန်းနာရင်ကျပ်ကုရာမှာ ဖော်ပြခဲ့တဲ့ ရှူဆေး အင်ဟေလာ တွေကိုပဲ အဓိက အများဆုံး သုံးပြီး ကုသပေးနေကြပါတယ်။
ဒါတွေကတော့ ရင်ကျပ်ပန်းနာ၊ ကလေးရင်ကျပ်ပန်းနာဆိုင်ရာ ဗဟုသုတ သိကောင်းစရာများနဲ့ ဆစ်မီတဝေ့ဆေးရုံကြီးရဲ့ ကလေးရင်ကျပ်ပန်းနာ ကုသမှုများဆိုင်ရာ ဆောင်ရွက်နေမှုများကို သိရှိစေဖို့ ရေးသားဖော်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်