ဆင်တုပ်ကွေးမဖြစ်ရအောင် ကာကွယ်ခြင်းရဲ့ အရေးကြီးဆုံးအချက်ကတော့ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းပါပဲ။ ဘယ်လို ဆင်ခြင်နေထိုင်ရမလဲဆိုတော့ကာ…
- နေအိမ်များသန့်ရှင်းမှုရှိစေရန်နှင့် ခြင်ပေါက်ဖွားဖို့ အကောင်းဆုံး ပတ်ဝန်းကျင်ဖြစ်တဲ့ ရေပုပ်ရေအိုင်များ မရှိအောင် စီမံထားရှိခြင်း၊
- ခြံဝန်းများလေကောင်းလေသန့်နှင့် နေရောင်ခြည်လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးခြင်း
- ခြင်လုံဇကာပြူတင်းများတပ်ဆင်ထားတဲ့ အခန်းတွင်းမှာ အိပ်ခြင်း၊
- အင်္ကျီလက်ရှည် ဘောင်းဘီရှည် ဝတ်ခြင်း၊ ခြင်မကိုက်အောင် လိမ်းသည့်ဆေး ( Repellent ) များကိုဆင်တုပ်ကွေး အဖြစ်များတဲ့ အချိန်မှာသုံးခြင်း၊
- နေ့ဘက်အချိန်များမှာ ပါ လိမ်းပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဒီ “ချိကွန်းဂွန်ညာ” ဆိုတဲ့ ဆင်တုပ်ကွေးဟာ သွေးလွန်တုပ်ကွေးနဲ့ယှဉ်ရင် လက္ခဏာမပြင်းထန်ဘူး၊ သေလောက်တဲ့ အန္တရာယ်မပေးဘူး ဆိုပေမဲ့ ခန္ဓာကိုယ်ကိုတော့ အနည်းနှင့်အများ ထိခိုက်မှုပေးနေတဲ့ရောဂါတစ်ခု ဖြစ်နေဆဲပါပဲ။ အထူးသဖြင့် ကိုယ်ခံအားနည်းသူတွေဖြစ်တဲ့ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးသူတွေ၊ နောက်ပြီးတော့ ကုသဖို့ခက်ခဲတဲ့ နောက်ဆက်တွဲလက္ခဏာများပေါ်ပေါက်ဖို့ အခွင့်အရေးရှိတဲ့သူတွေအဖို့တော့ ပြဿနာတစ်ခုအဖြစ် စောင့်ကြိုနေပါတယ်။ ဒါ့ကြောင့် မိမိကျန်းမာရေးကို မိမိ စောင့်ရှောက်တဲ့အနေနဲ့ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုစားပါ။ ပြည့်ဝစွာအနားယူခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကလဲ အခရာကျပါတယ်။ ဒီထဲကမှ အပြင်းဖျားလာမယ်၊ အစားအသောက်ပျက်လာမယ်၊ ဒါ့အပြင် ခန္ဓာကိုယ်မှာ အငန်ဓာတ် ရေဓာတ်တွေ ခန်းခြောက်တဲ့ လက္ခဏာတွေ ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါကို တိတိကျကျစစ်ဆေးဖော်ထုတ်ပြီးတော့ ထိရောက်တဲ့ ကုသမှုတွေ ခံယူဖို့ အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။ ‘ခြင်’မှ ဖြစ်တဲ့ ‘ဆင်’တုပ်ကွေး ကိုယ့်မှာ မကူးစက်ရလေအာင် “ဆင်ဆင်ခြင်ခြင်” နေကြပါ ဆိုတာ တိုက်တွန်း ရေးသားလိုက်ရပါတယ်။