ကလေးဆိုတာ ၁ နှစ် နဲ့ ၃ နှစ် ကြားမှာ သူတို့ စိတ်ခံစားမှုကို မထိန်းတတ်သေးပါဘူး။ သူတို့ ဖြစ်ချင်တာ လိုချင်တာကိုလည်း သေသေချာချာ ပြောမပြတတ်သေးပါဘူး။ အဲဒီမှာပဲ အထူးသဖြင့် လိုချင်တာမရရင် ငိုတာတို့ သူ့ကိုယ်သူ လုပ်တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီမှာ မိဘက သူတို့ လိုချင်တာကိုလုပ်ပေးလိုက်ခြင်း အားဖြင့် ပြဿနာအေးသွားသလို ဖြစ်ပေမယ့် ဒီလိုလုပ်ရင် ဒီလိုရတယ် ဆိုတာကို သူတို့ သိသွားတဲ့အခါမှာ ဆိုးကြတော့တာပါပဲ။ မိဘတွေ လုပ်ရမှာက သူတို့ ဂျီကျနေတာကို လက်လျှော့လိုက်မယ့်အစား သူတို့ လိုချင်တာတွေရအောင် သင့်တော်တဲ့နည်းလမ်းနဲ့ တဖြည်းဖြည်းချင်း နားလည်အောင် ရှင်းပြပေးရပါမယ်။ သူတို့ မကျေနပ်ရခြင်းရဲ့ အကြောင်းရင်းဇစ်မြစ်ကို ရအောင် ဖော်ထုတ်ပေးရပါမယ်။ ဥပမာ ကလေးက စိတ်တိုပြီး အော်ငိုနေမယ် ဆိုရင် မိဘက ခပ်လှမ်းလှမ်းက ကြည့်နေပေး။ ငိုလို့ မောလောက်တော့မှ သေသေချာချာ မေးပြီး အကျိုးသင့်အကြောင်းသင့် ရှင်းပြခြင်းအားဖြင့် ကိုယ့်စိတ်ခံစားချက်ကို ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကို လေ့ကျင့်ပေးသင့်ပါတယ်။
ကလေးဟာ စိတ်ကြီးပြီး သူ့ကိုယ်သူလုပ်မယ်၊ အနားကဟာတွေကို ဖျက်ဆီးမယ်၊ အစားအသောက်တွေ မှောက်ပစ်မယ် ဆိုရင် သူ့ကို ထွေးထွေးပိုက်ပိုက်နဲ့ စိတ်ဆိုးပြေသွားအောင် ဖြေပေးသင့်ပါတယ်။ မိဘတွေကို စိတ်ဆိုးတဲ့အခါ၊ ရန်လုပ်တဲ့အခါတွေမှာ စိတ်ပြောင်းသွားအောင် ချော့ချော့မော့မော့နဲ့ ချီထားသင့်ပါတယ်။ စိတ်ဆိုးနေတဲ့အချိန်မှာ ကလေးဟာ မိဘတွေကို တွန်းထုတ်တတ်တာဟာလည်း သဘာဝပဲ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကြင်ကြင်နာနာ ပွေ့ထားပြီး သူ စိတ်ပြေသွားတဲ့အထိ စိတ်ရှည်ပေးဖို့ လိုပါတယ်။ ဒီလိုနဲ့ပဲ ကလေးဟာ သူလိုချင်တာကိုရဖို့ သောင်းကြမ်းပြလို့ မရဘူးဆိုတာ ကို နားလည်သွားပါလိမ့်မယ်။ ဒီလိုနဲ့ပဲ ရန်လိုတဲ့စိတ်တွေဟာ တဖြည်းဖြည်းနဲ့ လျော့နည်းလာပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားပါလိမ့်မယ်။
မိဘတွေအနေနဲ့ ကလေးကို ဒေါသနဲ့ မဆက်ဆံမိစေဖို့နဲ့ သူဒေါသဖြစ်နေတုန်းမှာ ရှင်းပြတတ်ဖို့ အရေးကြီးပါတယ်။ ဒါကို အကိုင်အတွယ်မတတ်ရင် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ သူ စိတ်ပြေပြီး အေးသွားတဲ့ အချိန်အထိ စောင့်ပြီး ဘာကြောင့် သူလိုချင်တာကို မပေးရတာလဲဆိုတာကို နားဝင်အောင် ရှင်းပြရပါမယ်။ ဒီလိုနဲ့ ကလေးဟာ သူစိတ်မလျှော့ဘဲ ဆက်လုပ်နေလည်း လူကြီးတွေဘက်က လုပ်ပေးမှာမဟုတ်ဘူးဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ ဒါပေမယ့် သူ့ဒေါသကို မိဘတွေဘက်ကလည်း ဒေါသနဲ့ပဲ ပြန်ပြီးတုံ့ပြန်မယ်၊ ရိုက်မယ်၊ အော်မယ်၊ ငေါက်မယ် ဆိုရင်တော့ ကလေးဟာ လူကြီးရဲ့ ဒေါသကို ပုံတူကူးယူပြီး အကျင့်ဆိုးတစ်ခု ရသွားပါလိမ့်မယ်။ ဒါကြောင့် မိဘတွေဟာ စိတ်မတိုဖို့၊ စိတ်ရှည်ရှည်နဲ့ ချဉ်းကပ်တတ်ဖို့ လိုအပ်ပြီး ကလေးတွေရဲ့ အမူအကျင့်တွေဟာ ကောင်းတဲ့ အလားအလားတွေနဲ့ ဖွံ့ဖြိုး ကြီးပြင်းလာဖို့ အလွန် အရေးကြီးပါတယ်။