(၁) လိင်မှုဆိုင်ရာမှာ သိပ် စိတ်မပါတော့ခြင်း။
(၂) အရင်ကလောက် အားမရတော့ခြင်း။
(၃) သက်လုံနှင့် ကြာရှည်စွမ်းဆောင်နိုင်စွမ်း လျော့ကျလာခြင်း။
(၄) အရင်လောက် မရှည်တော့ခြင်း။
(၅) ပျော်ရွှင်မှုနည်းလာခြင်း။
(၆) စိတ်ကျေနပ်မှုမရရှိခြင်းနှင့် စိတ်ဓါတ်ကျခြင်း။
(၇) ညီလေးကလည်း အရင်ကလောက် အလုပ်မလုပ်တော့ခြင်း။
(၈) အားကစားမှာ လှုပ်ရှားမှု စွမ်းရည် ကျဆင်းလာခြင်း။
(၉) အစာစားပြီးတိုင်း အိပ်ငိုက်ခြင်း။
(၁၀)လုပ်ငန်းခွင်မှာ စွမ်းဆောင်နိုင်မှုများ လျော့ကျလာခြင်း။
အဲဒီထဲကမှ အမှတ် (၁)၊ အမှတ် (၇) နဲ့ တခြား (၃)မျိုးလောက် ပေါင်းပြီး ဖြစ်နေပြီ ဆိုရင်တော့ ကျားကျားဟိုမုန်း ကျလာပြီဖြစ်လို့ ဆရာဝန်နဲ့ မေးကြည့်ဖို့ ကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
ယောက်ျားတွေလည်း သွေးဆုံးတတ်တယ်။
- ယောက်ျားတစ်ယောက်ဟာ အသက်ရလာတာနဲ့အမျှ (Testosterone) ဆိုတဲ့ ကျားဟိုမုန်းပမာဏ ကျ ဆင်းလာတာကို ကြုံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ဓမ္မတာသွေးဆုံးတာမျိုးလို သုညအထိ ကျဆင်းသွားတာမျိုးတော့ မဟုတ်ပါဘူး။
- အသက်ရွယ်တူ အမျိုးသားနှင့် အမျိုးသမီး မှာဆိုရင် အမျိုးသားမှာ ကျားဟိုမုန်းကုန်ဆုံးတဲ့လက္ခဏာမျိုးတွေ ကြုံတွေ့နေရချိန်မှာ အမျိုးသမီးထု တစ်ဝက်နီးပါးဟာ သူတို့မှာ ဖြစ်ပေါ်လာတဲ့ လက္ခဏာဝေဒနာများကြောင့် ဆေးခန်းပြနေရပြီ ဖြစ်ပါတယ်။
- ဒါပေမယ့် သက်ရွယ်တူ အမျိုးသမီးတွေမှာ ဓမ္မတာကုန်ဆုံးတဲ့ အချိန်ကာလကို သိဖို့ လွယ်ကူပေမယ့် အမျိုးသားဟိုမုန်း ကုန်ဆုံးတာကို ရှာဖွေဖို့ ပိုခက်နေတာမျိုးလည်း ကြုံရပါတယ်။ အမျိုးသမီးတွေမှာကျတော့ ဓမ္မတာဆုံးခါနီးဆိုရင် ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ စိတ်အတက်အကျ ပြောင်းလဲမြန်ခြင်းနှင့် အိပ်မရတဲ့ပြဿနာ စတဲ့ လက္ခဏာတွေ ထင်ထင်ရှားရှား တွေ့ရတတ်ပါတယ်။
- အမျိုးသားတွေမှာ ဟိုမုန်းပမာဏ ဘယ်လောက်အထိကျဆင်းသွားရင် အဲဒီအမျိုးသားဟာ ဟိုမုန်းကုန်ဆုံးသွားပြီးလို့ သတ်မှတ်ပေးလို့ မရပါဘူး။ အမျိုးသမီးတွေကျတော့ သွေးစစ်ချက်ပေါ်မူတည်ပြီး တိကျတဲ့အဖြေကို ထုတ်ပေးနိုင်ပါတယ်။
- ဟိုမုန်းဆေးပေးပြီးကုသပေးမယ်ဆိုရင်လည်း အမျိုးသမီးတွေလောက် ထိရောက်မှု မရတာကို တွေ့ရပါတယ်။
ဘာတွေ ပြင်ဆင်ထားရမလဲ။
- Diet (အစားအသောက်): အချိုနှင့် အဆီလွန်ကဲတဲ့ အစားသောက်ကို ရှောင်ရှားပြီး သဘာ၀ကျားဟိုမုန်း (testosterone hormones) တွေအားပေးတဲ့ ဆဲလ်မွန်ငါး၊ အစေ့အဆန်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက် ၊ ကြက်ဥအနှစ်၊ ဖရဲသီး၊ ကညွှတ်၊ ဂုံး စတဲ့ ဇင့်ဓာတ် များစွာပါဝင်တဲ့ အစားအစာများ စားသုံးပေးသင့်ပါတယ်။ ဒါပေမယ့် တချို့အစားအစာတွေမှာ အဆီဓာတ်ပမာဏ ပါဝင်မှုများတာကြောင့် ရွေးချယ်ပြီးစားသုံးသင့်ပါတယ်။
- Exercise (လေ့ကျင့်ခန်း): လေ့ကျင့်ခန်းတစ်ခေါက်လုပ်တိုင်း အနည်းဆုံး မိနစ် (၃၀)၊ (၅) ကြိမ်တွင် တစ်ကြိမ် ကြွက်သားအဓိက လေ့ကျင့်ခန်းအပြင် နှလုံးလေ့ကျင့်ခန်းဖြစ်တဲ့ ပြေးခြင်း၊ စက်ဘီးစီးခြင်းနှင့် အလေးမခြင်း စတာတွေ လုပ်ပေးသင့်ပါတယ်။
- Temperament (စိတ်ခံစားချက်): ကိုယ့် ကိုယ်ခန္ဓာ ပြောင်းလဲမှုဖြစ်စဉ်များ အပေါ်မှာ သတိထားရပါမယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပျိုးထောင်ပေးပြီး အောင်မြင်အောင် ဆောင်ရွက်ရပါမယ်။ မိမိကိုယ်ကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိဖို့ အကောင်းဆုံး ကြိုးစားရပါမယ်။ မိတ်ဆွေ အပေါင်းအဖော်များနှင့် တွေ့ဆုံခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျှော့ချပြီး ပေါ့ပေါ့ပါးပါး နေထိုင်ရပါမယ်။ တစ်ကိုယ်တည်း ကြာရှည်စွာ နေထိုင်ခြင်းများကို ရှောင်ရှားပြီး စိတ်ဖိစီးမှု လျော့နည်းစေနိုင်သော လုပ်ငန်းဆောင်တာတွေမှာ ပါဝင်လုပ်ဆောင်ရပါမယ်။
- Medical attention (ဆေးဘက်ဆိုင်ရာအထောက်အကူများ): ကိုယ့်မှာ ဟိုမုန်းပမာဏ နည်းပါးလာပြီဆိုရင် ကျန်းမာပျော်ရွှင်ပြည့်စုံသော ဘ၀ရဲ့အနှစ်သာရ လျော့နည်းလာမယ်၊ လိင်မှုကိစ္စမှာ အားနည်းလာတာကြောင့် ဆိုးဝါးတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ မဖြစ်ရလေအောင် ကျန်းမာရေး စစ်ဆေးမှုတွေ သေသေချာချာလုပ်ပြီး ကုသမှုတွေ လိုအပ်ရင်လည်း ခံယူသင့်ပါတယ်။ ယေဘုယျအားဖြင့်တော့ မလိုလားအပ်တဲ့ ကျန်းမာရေးဘေးထွက် ဆိုးကျိုးတွေဖြစ်တဲ့ ဆီးကြိတ်တို့၊ နှလုံးနဲ့ နှလုံးသွေးကြောများကို မထိခိုက်စေဖို့ ကာလတိုဟိုမုန်းကုသမှုမျိုးကိုပဲ လုပ်ပေးကြပါလိမ့်မယ်။
တကယ်တော့(Andropause) ဆိုတာ အမျိုးသားတွေမှာ ကျားဟိုမုန်းတွေ ကုန်ခန်းပြီး ကျန်းမာရေးအခြေအနေ တစ်ခုကို ရွေ့လျားသွားခြင်းသာဖြစ်ပါတယ်။ ဒါကို နားလည်သဘောပေါက်ပြီး ပြင်ဆင်ထားမယ်ဆိုရင် ဒီကာလမှာ ဖြစ်ပေါ်တတ်တဲ့ စိတ်မတင်မကျဖြစ်ခြင်း၊ စိတ်ပူပန်ခြင်းနှင့် အခြားဖြစ်လာနိုင်ခြေ ရှိတဲ့ ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေကို ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။ မိသားစုဝင်တွေအနေနဲ့ကလည်း ဒါမျိုးကို နားလည်သဘောပေါက်ပြီး အားပေးနှစ်သိမ့်ကူညီခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာ အသီးသီးကို ကြိုတင်ကာကွယ် ဖြေရှင်းပေးသွားနိုင်မယ်ဖြစ်တယ် ဆိုတာ ရေးသားတင်ပြလိုက်ရပါတယ်။