ကျန်းမာရေးနဲ့ပတ်သက်လာပြီဆိုရင် အသက်အရွယ်နဲ့ ကျား မ စတာတွေက သိပ်ပြီးအရေးမပါလှ ပါဘူး။ ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးဟာ မွေးဖွား ခဲ့စဉ်တုန်းကထက် တဖြည်းဖြည်းယိုယွင်းဆုတ်ယုတ်လာတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်ကနေစပြီး ကျန်းမာရေးစစ်ဆေးမှု ဆိုတာ လိုအပ်လာပါပြီ။ လူ့လောကထဲကိုစရောက်လာတာနဲ့တစ်ပြိုင်နက် မွေးကင်းစကလေးငယ်များကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရန်အတွက် ဆရာဝန်များက ချက်ချင်း ဆိုသလိုခေါ်ဆောင်သွားတာကို မြင်ဖူးကြမှာပါ။ ဒီလိုစစ်ဆေးမှုတွေမှာ အနည်းဆုံးတော့ ကလေးငယ်ရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်တိုင်းခြင်း ၊ ကြီးထွားဖွံ့ဖြိုးလာမှုနဲ့ ဘာသာစကားတိုးတက်မှုကိုဆန်းစစ် ခြင်း တို့အပြင် ရောဂါကာကွယ်ဆေးထိုးခြင်းများလည်း ပါဝင်ပါတယ်။
လူငယ်တစ်ယောက်ဟာ ဆိုးဆိုးရွားရွားမွေးရာပါရောဂါမရှိ ၊ ကျန်းမာသန်စွမ်းတယ်ဆိုရင် အသက်(၃၀) လောက်ထိ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ဖို့ မလိုလောက်ပါဘူး။ ဒါပေမယ့် မိသားစုမှာ နှလုံးသွေးကြောကျဉ်းရောဂါ ၊ ကိုလက်စ်ထရောများခြင်း ၊ သွေးတိုးရောဂါ စတဲ့ သတိထားရမယ့် ကျန်းမာရေးပြဿနာရာဇဝင်တွေရှိတဲ့ သူတွေအတွက် အသက်(၁၈)နှစ်လောက်ဆိုရင် ကျန်းမာရေး စစ်ဆေးမှု လုပ်ထားသင့်ပါတယ်။ လူတစ်ယောက်မှာ ကျန်းမာရေးစစ်ဆေးမှုကို ဘယ်နှကြိမ်လုပ်ရ မယ်ဆိုတာကတော့ သူ့ရဲ့သက်တမ်း တစ်လျှောက်လုပ်ခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှု ရလဒ်တွေအပေါ် မူတည်ပါတယ်။ တကယ်လို့ ကျန်းမာရေးပြဿနာ (သို့မဟုတ်) ပိုဆိုးလာနိုင်တဲ့ကျန်းမာရေးပြဿနာ တွေဖြစ်လာနိုင်တဲ့ အခြေအနေ တွေ ရှိခဲ့မယ်ဆိုရင်(၃)လ ကနေ (၆) လ တစ်ခါခြား ကျန်းမာရေး စစ်ဆေးမှုလုပ်သင့်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်နိုင်ခြေမရှိဘူးဆိုရင် (၁)နှစ် ကနေ (၃) နှစ်ခြား တစ်ခါ ကျန်းမာရေးစစ်ဆေးမှုလုပ်ရုံနဲ့ လုံလောက်ပါပြီ။
အသက်(၁၈)နှစ်အထက်အမျိုးသားများအတွက်အခြေခံကျန်းမာရေးစစ်ဆေးမှုများ:
၁ ။ ကျန်းမာရေးနှင့်ပတ်သက်သည်များကိုဆရာဝန်နှင့်မေးမြန်းဆွေးနွေးခြင်း
၂ ။ သွေးပေါင်ချိန်စစ်ဆေးခြင်း
၃ ။ မျက်စိစစ်ဆေးခြင်း
၄ ။ Complete Blood Count(CBC) ခေါ် သွေးတွင်းရှိသွေးဥများ၏နှုန်းကိုတိုင်းတာခြင်း
၅ ။ သွေးတွင်းသကြားဓာတ်ပမာဏစစ်ဆေးခြင်း (ဆီးချိုရောဂါအတွက်စစ်ဆေးသည်)
၆ ။ ကိုလက်စ်ထရော(အဆီဓာတ်)ပမာဏစစ်ဆေးခြင်း ( စုစုပေါင်းကိုလက်စ်ထရောပမာဏ ၊ ကောင်းသောကိုလက်စ် ထရော ၊ မကောင်းသောကိုလက်စ်ထရော ၊ triglycerides ခေါ်သွေးတွင်းအဆီဓာတ် တစ်မျိုး စသည်တို့ကိုစစ်ဆေးသည်)
၇ ။ အသည်းလုပ်ဆောင်ချက်များစစ်ဆေးခြင်း
၈ ။ ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း
၉ ။ ယူရစ်အက်ဆစ်ပမာဏစစ်ဆေးခြင်း (ဂေါက်ရောဂါအတွက်စစ်ဆေးသည်)
၁၀ ။ ဆီး နှင့် ဝမ်း စစ်ဆေးခြင်း
၁၁ ။ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
၁၂ ။ ဝမ်းဗိုက်အပေါ်ပိုင်းနှင့်အောက်ပိုင်းကိုအာထရာစောင်းဖြင့်ကြည့်ရှုစစ်ဆေးခြင်း