ကာကွယ်ဖို့ရာမခက်ပါ သားအိမ်ခေါင်းကင်ဆာ

ကာကွယ်ဖို့ရာမခက်ပါ သားအိမ်ခေါင်းကင်ဆာ

စိတ်ဝင်စားဖွယ်ရာအချက်အလက်များ

  • နှစ်စဉ် ထိုင်းအမျိုးသမီး ၆၀၀၀ ကနေ ၈၀၀၀ ကြားမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနေကြပြီး သေဆုံးမှုနှုန်း ကတော့ တစ်ရက်ကို ၈ ယောက်ကနေ ၁၀ ယောက်ကြားမှာ ရှိတယ်လို့ ဆိုပါတယ်။
  • လိင်မှုဆိုင်ရာ ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတိုင်းဟာ သူ့တစ်သက်တာမှာ HPV ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ချေဟာ ၈၀ ကနေ ၉၀% အထိ ရှိပါတယ်။ (ဒီဗိုင်းရပ်စ်ကြောင့် သားအိမ်ခေါင်းကင်ဆာကတော့ ဖြစ်ချင်လဲ ဖြစ်မယ်။ မဖြစ်ချင်လဲ မဖြစ်ဘူး)
  • ဒါကြောင့် လိင်မှုရေးရာဆက်ဆံမှုရှိတဲ့ အမျိုးသမီးများဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေကို စစ်ဆေးသင့်ပါတယ်။ စစ်ဆေးတဲ့ အမျိုးသမီးများရဲ့ ၁၅% ဟာ HPV ဗိုင်းရပ်စ်ပိုး ရှိနေတာကို တွေ့ရပါတယ်။  ဆိုလိုတာက သားအိမ်ခေါင်းကင်ဆာ ဖြစ်လာနိုင်ချေ ရှိပါတယ်။

HPV စစ်ဆေးခြင်းဆိုတာကို သိထားဖို့ပဲ လိုပါတယ်။

ထိုင်းအမျိုးသမီးတွေမှာ ရင်သားကင်ဆာပြီးရင် သားအိမ်ခေါင်းကင်ဆာက ဒုတိယလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သားအိမ်ခေါင်းကင်ဆာဖြစ်စေမယ့် ကင်ဆာဆဲလ်တွေကို စောစောရှာတွေ့ပြီး မပြန့်ပွားအောင် တားဆီးနိုင်မယ် ဆိုရင် ကာကွယ်လို့ ရပါတယ်။ ဘာလုပ်ဖို့လိုတာလဲဆိုတော့ HPV ကင်ဆာစစ်ဆေးခြင်းနည်လမ်းနဲ့ ပုံမှန်စစ်ဆေးသွားဖို့ပဲ လိုတာပါ။ HPV DNA ကင်ဆာစစ်ဆေးခြင်းနည်းလမ်းဟာ ဒီကင်ဆာအမျိုးအစားနဲ့ပတ်သက်လို့ကတော့ ဘယ်လို စိုးရိမ်မှုမျိုးကိုမဆို စိတ်အေးရအောင် စစ်ပေးနိုင်ပါတယ်။

HPV ဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုရဲ့ လက်သည် လား?

သားအိမ်ခေါင်းကင်ဆာဆိုတာ HPV ဗိုင်းရပ်စ်ကြောင့်သာ ဖြစ်နိုင်တာမို့လို့ ဒီဗိုင်းရပ်စ်ဟာ သားအိမ်ခေါင်းကင်ဆာရဲ့ လက်သည်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ HPV ဗိုင်းရပ်စ် အမျိုး ၁၀၀ ရှိရာမှာ ၁၅ မျိုးဟာ ကင်ဆာဖြစ်စေတတ်ပြီး နံပါတ် ၁၆ နဲ့ ၁၈ ဟာ အန္တရာယ်ရှိတဲ့ အမျိုးအစားထဲမှာ ပါ ပါတယ်။

အမျိုးသမီးတိုင်းဟာ HPV ဗိုင်းရပ်စ် ကူးစက်နိုင်ချေ ရှိပါသလား?

နှစ်စဉ် ထိုင်းအမျိုးသမီးပေါင်း ၆၀၀၀ ကနေ ၈၀၀၀ ဟာ သားအိမ်ခေါင်းကင်ဆာဝေဒနာကို ခံစားနေကြရပြီး တစ်ရက်ကို ၈ယောက်ကနေ ၁၀ ယောက်အတွင်း မှာ သေဆုံးနေကြရပါတယ် လို့ ဆိုပါတယ်။ လိင်မှုဆိုင်ရာ ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတိုင်းဟာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ ရှိကြပြီး သားအိမ်ခေါင်းကင်ဆာကတော့ HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတယ်ဆိုတာ ၁၀၀% သေချာပါတယ်။ ဘာလို့ဆို HPV ဗိုင်းရပ်စ်က ကူးစက်ဖို့ အလွန်လွယ်ကူ တာကြောင့် ဖြစ်ပါတယ်။ လိင်ဆက်ဆံမှုကတစ်ဆင့် ကူးစက်တာအပြင် အခြားနည်းလမ်းနဲ့လည်း ကူးစက်နိုင်ပါသေးတယ်။ (အခြားနည်းလမ်းဆိုတာ ဗိုင်းရပ်စ်ပိုးဟာ အမျိုးသမီးအင်္ဂါထဲကို အခြား တစ်နည်းနည်းနဲ့ ဝင်ရောက်သွားတာကို ဆိုလိုပါတယ်။) စိတ်ပူစရာတစ်ခုက ဒီဗိုင်းရပ်စ်ပိုး ကူးစက်နေတာကို ဘာလက္ခဏာမှ မပြတာပဲ ဖြစ်ပါတယ်။ နာတာတို့ ကိုက်တာတို့ အနာလေးဖြစ်လာတာတို့ စတာတွေ မဖြစ်တဲ့အတွက် အမျိုးသမီးတစ်ယောက်ဟာ နှစ်ကြာမှပဲ ဒီဗိုင်းရပ်စ်ပိုး ရှိနေပြီဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။
2 Source: National Cancer Institute

HPV ဗိုင်းရပ်စ်ဟာ ကိုယ်ထဲမှာ ဆယ်စုနှစ်နဲ့ချီပြီးကြာအောင် ရှိနေပေမယ့် တွေ့အောင် ရှာနိုင်မယ်ဆိုရင် ကုသပေးလို့ ရပါတယ်။

အဲဒီတော့ HPV ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ကင်ဆာအကြိုအဆင့် ဆဲလ်တွေဟာ ဘယ်လို လက္ခဏာမျိုးမှ မပြတဲ့အတွက် စစ်မကြည့်မချင်း မသိနိုင်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။​ အကျိုးဆက်ကတော့ ကင်ဆာအကြိုအဆင့်ကို နှစ်တွေကြာတဲ့ အထိ မကုသဘဲ ပစ်ထားလိုက်သလို ဖြစ်နေတာပါပဲ။ ကင်ဆာဖြစ်မှပဲ သိကြရတာ ဖြစ်ပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ Pap Smear နည်းလမ်းနဲ့ HPV DNA စစ်ဆေးကြည့်တာပဲ ဖြစ်ပါတယ်။​ စောစောစစ်၊ စောစောသိ တော့ စောစောကုလို့ရပြီး အချိန်မတိုင်မီအုပ်မိတာပေါ့။

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုရဲ့ အဓိကအကြောင်းရင်းနှစ်ခု

  • HPV ဗိုင်းရပ်စ် အကူးစက်ခံရတာ – ဒီဗိုင်းရပ်စ် အကူးစက်ခံရရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်မယ်။ ဗိုင်းရပ်စ်ထဲမှာ အန္တရာယ်ကြီးတဲ့ အမျိုးအစားတွေ ရှိတယ်။ HPV ဗိုင်းရပ်စ်တွေထဲက ၁၅ မျိုးဟာ အန္တရာယ်ကြီးတယ်။ အဲဒီ ၁၅ မျိုးမှာ တစ်ချို့ဟာ တော်တော်ပြင်းတယ်။ ဒါကြောင့် HPV ဗိုင်းရပ်စ် ကူးပြီ ဆိုရင် အကူးခံရတဲ့ အမျိုးအစားပေါ်မူတည်ပြီး ရောဂါ အပြင်းအပျော့ ကွာပါတယ်။
  • ကိုယ်ခံအားစနစ်အားနည်းတာ – ဗိုင်းရပ်စ် ကူးစက်တာနဲ့ပတ်သက်ပြီး ကူးတဲ့ဗိုင်းရပ်စ်ကို တိုက်ရိုက်သတ်ပစ်နိုင်တဲ့ ဆေး မရှိသေးပါဘူး။ ကိုယ်ခံအားစနစ်ကသာ တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။​ အအေးမိဖျားနာတဲ့အခါ သိပ်မကြာခင် ပြန်ကောင်းသွားသလိုမျိုးပေါ့။  လုံလောက်တဲ့ အနားယူမှု မရဘူးဆိုရင် ဗိုင်းရပ်စ်ကို တန်ပြန်တိုက်ခိုက်တာ နှေးမယ်။​ ရုပ်ပိုင်းဆိုင်ရာမှာ အားနည်းမယ်။ စိတ်ဖိစီးမှု ဖြစ်လာမယ်။​ ဥပမာ ရေယုန်ပေါက်တယ်ဆိုပါစို့။ ကောင်းကောင်းအနားယူမယ်၊ ရေများများသောက်မယ်၊ အားရှိအောင် နေမယ်ဆိုရင် ရေယုန်ဟာ အလိုလို ပျောက်သွားမှာပဲ ဖြစ်ပါတယ်။ ကံကောင်းတာက ဒါမျိုးဟာ ဖြစ်လာတာကိုလည်း သိနိုင်တယ်။ သက်သာသွားသာ ပျောက်ကင်းသွားတာကိုလည်း သိသာနိုင်ပါတယ်။​ HPV ကျတော့ ဒါမျိုးမဟုတ်ဘူးလေ။ ပိုဆိုးတာက ခန္ဓာကိုယ်က ဒါကို ကာကွယ်နိုင်ဖို့ နှစ်ချီပြီး ကြာနိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၆၀ ကနေ ၇၀%  သော လူနာတွေဟာ ဒီဗိုင်းရပ်စ်ကို ဆေးကုစရာမလိုဘဲ အလိုလို ထိန်းချုပ်ထားနိုင်ပါတယ်။

ကျန်းမာကြံ့ခိုင်နေမယ်ဆိုရင် HPVကို ခံနိုင်ရည်ရှိမယ် ဖြစ်ပါတယ်။

“အမျိုးသမီးတိုင်းလိုလိုမှာ HPV ဗိုင်းရပ်စ်ရှိတယ်”

ဒါတွေ သိပါစ?

အမျိုးသားတွေမှာလည်း HPV ဗိုင်းရပ်စ် ကူးစက်မှု ရှိနိုင်ပါတယ်။ နည်းတော့ နည်းပါတယ်။​ သူတို့ကတော့ ဗိုင်းရပ်စ် သယ်ဆောင်သူတွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ HPV စစ်ဆေးမှု မဖြစ်မနေ လုပ်ဖို့တော့ မလို သေးပါဘူး။

ဒီဗိုင်းရပ်စ်ရဲ့ ဖြစ်ပေါ်မှုကို သိမယ်ဆိုရင် ကာကွယ်ရေးက ရိုးရှင်းပါတယ်။

  • လိင်မှုဆိုင်ရာ ဆက်ဆံမှုမရှိတဲ့ အမျိုးသမီးတွေမှာတော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ချေ နည်းပါတယ်။
  • ပထမဆုံး ကာကွယ်နိုင်တဲ့နည်းကတော့ သားအိမ်ခေါင်းကင်ဆော ကာကွယ်ဆေး ထိုးတာပဲ ဖြစ်ပါတယ်။  ထိုင်းမှာဆိုရင် ဒီဆေးကို ရရှိနေတာ ၁၀နှစ်ကျော်နေပါပြီ။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားဖို့ ၇၀% ကျော် ရှိတဲ့  HPV ဗိုင်းရပ်စ် ၂ ကောင်ဖြစ်တဲ့ နံပါတ် ၁၆ နဲ့ ၁၈ ကို အဓိကထား ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီပိုးတွေ ဝင်မလာနိုင်သေးတဲ့အရွယ် အသက် ၉ နှစ် – ၁၀ နှစ်လောက်မှာ ထိုးပေးထားလိုက်ရင် စိတ်ချရပါတယ်။​ ၁၀ နှစ်ကျော် သုတေသနပြုမှုတွေအရ ကလေးတွေမှာတော့ ကာကွယ်ဆေး ၃ ကြိမ် ထိုးစရာမလိုသေးပါဘူး။ ၁၅ နှစ်အောက်ဆိုရင် ၂ကြိမ် ထိုးထားရင် အဲဒီဗိုင်းရပ်စ် ၂ ကောင် ရဲ့ ရန်ကနေ ၁၀၀% ကာကွယ် ပေးထားနိုင်ပါတယ်။
  • ၁၅နှစ်အထက် ဆိုရင်တော့ ၃ ကြိမ်ထိုးဖို့ လိုပါတယ်။
  • ဒုတိယအဆင့်ကတော့ သားအိမ်ခေါင်းကင်ဆာ ရှိမရှိ၊ ကင်ဆာအဆင့်အထိ ရောက်သွားနိုင်တဲ့ ဗိုင်းရပ်စ် ရှိမရှိ  စစ်ဆေး တာပဲ ဖြစ်ပါတယ်။
    • Pap Smear စစ်ဆေးခြင်းအားဖြင့် ကင်ဆာအဆင့်မရောက်ခင် ပြောင်းလဲမှုတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။​ တွေ့ပြီဆိုရင် လိုအပ်တဲ့ ကုသမှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်။
    • HPV ဗိုင်းရပ်စ် DNA နဲ့ MRNA ရှိမရှိစစ်တာလည်း လုပ်ရပါတယ်။ ဗိုင်းရပ်စ်ရဲ့ DNA နဲ့  MRNA ရှိနေပြီဆိုရင် အဖြေမှာ  positive ထွက်နေမှာ ဖြစ်ပါတယ်။​ ဒီလိုထွက်ပြီဆိုရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်မယ့် ဗိုင်းရပ်စ် ရှိနေပြီလို့ ပြောနိုင်ပြီ ဖြစ်ပါတယ်။ Negtive ဆိုရင်တော့ HPV ဗိုင်းရပ်စ် မရှိဘူးလို့ ဆိုနိုင်ပါတယ်။ HPV စစ်ဆေးမှုဟာ HPV ဗိုင်းရပ်စ် ဘယ်အမျိုးအစား ရှိနေပြီလဲဆိုတာကိုပါ ဖော်ထုတ်ပေးနိုင်နေပြီ ဖြစ်ပါတယ်။
    • HPV ဗိုင်းရပ်စ်ကို ဆီးကနေတစ်ဆင့်စစ်တဲ့နည်းဟာ သားအိမ်ခေါင်းကင်ဆာစစ်ဆေးဖို့ နည်းလမ်းအသစ်တစ်ခုဖြစ်ပါတယ်။ ဆီးထဲမှာပါလာတဲ့ ဆဲလ်တွေကို စစ်ဆေးကြည့်ပြီး HPV DNA ကို ဖော်ထုတ်နိုင်ပါတယ်။အတွင်းထဲအထိ နှိုက်ပြီး အစစ်ဆေးခံဖို့ ကြောက်တဲ့  အဆင်မပြေတဲ့ အမျိုးသမီးတွေ အတွက် ဒီနည်းနဲ့လည်း စစ်ဆေးနိုင်ပါတယ်။​
  • အတွင်းထဲအထိနှိုက်ပြီးစစ်ဆေးဖို့ဆိုရင်တော့ ရာသီနေ့ရက်တွေကို ရှောင်ပြီး ရက်ချိန်းယူဖို့ပဲ လိုပါတယ်။ ဒီအတောအတွင်းမှာ အမျိုးသားနဲ့ အတူနေတာကိုလည်း ရှောင်ထားဖို့လိုပြီး အတွင်းလိင်အင်္ဂါ ခြောက်သွေ့မှု ကို ကုသတဲ့ ဆေးတွေ သောက်တာရှိရင်လည်း ၁ ရက် ၂ ရက်လောက် နားထားဖို့ လိုပါတယ်။ ဒီစစ်ဆေးမှုကို နှစ်စဉ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ မူမမှန်တာ တစ်ခုခုတွေ့ပြီဆိုတာနဲ့ ဆရာဝန်နဲ့ သေသေချချာတိုင်ပင်ပြီး လိုအပ်တာကို ဆောင်ရွက်ဖို့ လိုပါတယ်။​

စစ်ပြီးတာတောင်မှ သားအိမ်ခေါင်းကင်ဆာဟာ ဖြစ်နိုင်နေတုန်းပဲလား?

ကင်ဆာအကြိုအဆင့်ဆဲလ်တွေတည်ဆောက်ဖို့နဲ့ ကင်ဆာအဆင့်ရောက်ဖို့ဆိုတာ အလွန် နှေးပြီး နှစ်ချီ ကြာနိုင်ပါတယ်။​ ဒါကြောင့် စောစောသိရင် နိုင်အောင် ကု နိုင်ပါတယ်။ ဒါကြောင့်လည်း မစစ်ဆေးတဲ့သူတွေ၊ စစ်ပေမယ့် မှန်ကန်တဲ့ အဖြေ မရတဲ့သူတွေ၊ အဖြေမှာ ပုံမမှန်မှုတွေ ရှိနေတယ်ဆိုတာကို သိပေမယ့် ဘာလက္ခဏာမှ မပြလို့ သေသေချာချာ မကုသတဲ့ သူတွေ စတဲ့သူတွေမှာ သားအိမ်ခေါင်းကင်ဆာဝေဒနာကို ခံစားကြရတာဖြစ်ပါတယ်။ တစ်ချို့ဆို တစ်ခါစစ်ပြီးလို့ အဖြေ ကောင်းတယ်ဆိုရင် တစ်သက်လုံး ထပ်စစ်စရာမလိုတော့ဘူး လို့ ထင်နေကြတဲ့သူတွေတောင် ရှိပါတယ်။

HPVစစ်ဆေးခြင်းဆိုတာ ဘာလဲ?

HPV စစ်ဆေးမှုလုပ်မယ်ဆိုရင် ဆရာဝန်ဟာ အမျိုးသမီးရဲ့ မိန်းမကိုယ်နဲ့ သားအိမ်လည်တိုင်ထဲကို ကိရိယာတစ်မျိုး ထည့်ပြီး စမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။​ သားအိမ်လည်တိုင်ဟာ ဆဲလ်တွေ ပြန်လည်ဖြစ်ပေါ်တဲ့နေရာဖြစ်ပြီး ဗိုင်းရပ်စ် များလည်း  ပေါက်ပွားရာနေရာတစ်ခု ဖြစ်ပါတယ်။​ ဗိုင်းရပ်စ်တွေဟာ အဲဒီနေရာမှာ နေထိုင်ပြီး မျက်စိနဲ့ မမြင်နိုင်တဲ့ ပုံမမှန်ဆဲလ်တွေကို စတင် ဖြစ်ပေါ်စေပါတော့တယ်။  သွေးဆင်းခြင်း၊ ကိုက်ခဲခြင်း စတဲ့ ဘယ်လို လက္ခဏာမျိုးကိုမှ မပြဘဲ ဖြစ်ပေါ်နေကြတာ ဖြစ်ပါတယ်။

Pap Smear လို့ခေါ်တဲ့ စစ်ဆေးမှုတစ်ခုကိုလုပ်ကြည့်မှသာ အဆိုပါ ပုံမမှန်ဆဲလ်တွေ ဖြစ်ပေါ်နေမှုကို သိရှိနိုင်မှာ ဖြစ်ပါတယ်။​ ဒီစစ်ဆေးမှုဟာ ကင်ဆာဆဲလ် ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်ချေရှိတဲ့ ဆဲလ်တွေကို ရှာဖွေ ဖော်ထုတ်ရာမှာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစစ်ဆေးမှုဟာ ဗိုင်းရပ်စ် ရှိ မရှိ ကို ရှာမပေးနိုင်တဲ့အပြင် ပုံမမှန်မှုရှာဖွေ ပေးတာကိုလည်း ၁၅ ကနေ ၂၀ % အထိ လွတ်သွားနိုင်တယ် လို့ ဆိုပါတယ်။  မည်သို့ပင်ဆိုစေကာမူ ဆေးပညာနယ်ပယ် မှာ တိုးတက်လာတာနဲ့အမျှ HPV test ကတော့ HPV ဗိုင်းရပ်စ် ရှိ မရှိ ရှာဖွေပေးနိုင်ပြီး ဘယ်လို HPV ဗိုင်းရပ်စ်လဲ ဆိုတာကို ဆရာဝန်က ခွဲခြားပေးနိုင်တာမို့လို့ အန္တရာယ် ရှိ မရှိ သိနိုင်မှာ ဖြစ်ပါတယ်။

HPV စစ်ဆေးမှု တစ်ကြိမ်လုပ်ပြီးပြီဆိုရင် နောက် ၃ နှစ်အတွင်း ထပ်စစ်ဖို့ မလိုတော့ပါဘူး။

ဒီကနေ့မှာတော့ HPV DNA စစ်ဆေးမှုကို  သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုအဖြစ် နိုင်ငံတိုင်းမှာ လုပ်လို့ရနေပါပြီ။ တကယ်လို့ အဖြေမှာ  Negative ရခဲ့ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ် မရှိဘူးလို့ သိရရင် နောက် ၃ နှစ်အတွင်း ဘာမှထပ်ပြီးစစ်စရာ မလိုသေးပါဘူး။ ၃ နှစ်နေလို့ ထပ်စစ်တဲ့အခါမှာ  မူမမှန်တာ တစ်ခုခုတွေ့ခဲ့ရင်တောင် အသေးအဖွဲလောက်ပဲ ဖြစ်မှာဖြစ်ပြီး လုံးဝကုသပေးလို့ ရပါတယ်။ လုပ်ဖို့လိုတာကတော့  Pap Smear test  နဲ့ မိန်းမကိုယ် စစ်ဆေးမှုကို နှစ်စဉ် လုပ်ပေးရမှာဖြစ်ပြီး HPV test ကတော့ ခဏ ခဏ လုပ်ဖို့ မလိုအပ်ပါဘူး။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။