မိန်းမတစ်ယောက်အနေနဲ့ သူ့မှာ ရင်သားကင်ဆာဖြစ်နေပြီ ဆိုတဲ့ သတင်းဟာ တကယ့်ကို အိပ်မက်ဆိုးကြီး တစ်ခုပါပဲ။ ရင်သားမှာမှ လာဖြစ်ရတယ်တဲ့။ ခွဲရမယ်တဲ့။ ဖြတ်ထုတ်ရမယ်တဲ့။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုကို ရင်ဆိုင်နိုင်ဖို့ “ရင်သားကင်ဆာကို ဘယ်လိုကုကြမလဲ” ဆိုတဲ့ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာကလေးတွေကို ဆွေးနွေးပေးပါ့မယ်။ ဒီကနေ့ ခေတ်ပေါ် ရင်သားကင်ဆာ ကုသနည်းတွေ မြောက်မြားစွာရှိနေပြီ ဖြစ်ပါတယ်။ နည်းတစ်ခုစီတိုင်းမှာတော့ သူ့ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်းရှိနေဆဲပါပဲ။ အမျိုးသမီးတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် တူညီတဲ့ ကုထုံးတွေ ရရှိကြမှာ မဟုတ်ပါဘူး။ တစ်ယောက်ချင်းစီရဲ့ ရောဂါရာဇဝင်နဲ့ လက္ခဏာတွေပေါ်မူတည်ပြီး ဆရာဝန်က သင့်တော်တဲ့ ကုထုံးကို ရွေးချယ်အသုံးပြုပေးပါလိမ့်မယ်။ အခြေခံအားဖြင့်ကတော့ ခွဲထုတ်မယ်၊ ဓာတ်ရောင်ခြည်ကုသမှုပေးမယ်၊ ခီမိုဆေးပေးမယ်၊ ဟိုမုန်းကုထုံးတွေပေးမယ်၊ Targeted Therapy လို့ခေါ်တဲ့ ပစ်မှတ်ထားကုထုံး ဆိုတာလည်း ရှိတယ်။ အားလုံး ကုထုံး ၅ မျိုး ရှိပါတယ်။
“အမျိုးသမီးအများစုဟာ မူမမှန်တဲ့ကိစ္စတွေကို စောစီးစွာသိရှိနိုင်ဖို့ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေကို ပုံမှန်မလုပ်ကြဘူး။ ပုံမှန်သာလုပ်မယ်ဆိုရင်ကင်ဆာကို ကနဦးအဆင့် နဲ့ အဆင့် ၀ လောက်ကတည်းက သိနိုင်မှာပဲ ဖြစ်တယ်။ အဆင့် ၀ ဆိုရင် နို့ကြောင်းထဲမှာ ခိုနေတဲ့ ကင်ဆာဆဲလ်ကို မိနိုင်ပြီး အခြား ရင်သားတစ်သျှူးတွေဆီ ပြန့်မသွားခင်မှာ သိရှိရမှာဖြစ်ပါတယ်။ ဒီအဆင့်မှာဆိုရင် ရင်သားကင်ဆာကို ရာနှုန်းပြည့် ကုသပေးနိုင်မှာဖြစ်ပြီး ရင်သားတစ်ခုလုံး ဖြတ်ထုတ်ပစ်စရာမလိုတော့ဘူးပေါ့။ ပေါက်ဆိန်နဲ့ ပေါက်တဲ့အဆင့်အထိ မရောက်တော့ဘဲ အပ်နဲ့ ထွင်းတဲ့ အဆင့် မှာတင်ပဲ ပြီးသွားမှာ ဖြစ်ပါတယ်” လို့ Dr. Shinawatt Visutdiphat က ဆိုပါတယ်။ ဒီနည်းနဲ့ ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်လိုက်ခြင်းမှ ရှောင်ရှားနိုင်ပါတယ်။
ဒီလိုခွဲစိတ်ပေးမှုမျိုးကို အနှစ် ၂၀ လောက်လုပ်လာကြပေမယ့် ကျန်ခဲ့တဲ့အပိုင်းမှာ ကင်ဆာဆဲလ်တွေ ထပ် ဖြစ်မလာစေဖို့ ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်ပစ်မှ စိတ်ချရမယ် ဆိုတဲ့ အယူအဆတစ်ခုဟာ ခုထိ ရှိနေဆဲပဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ ဒီခွဲစိတ်မှုဟာ ရိုးရှင်းပါတယ်။ တစ်ခုလုံးထုတ်ပစ်လိုက်တာမျိုးလို ရင်သားကို ပြန်လည်တည်ဆောက်ပေးစရာမလိုဘူး၊ အချိန်ကုန်သက်သာပြီး ခွဲစိတ်ရမှု နည်းတဲ့အတွက် ကြောင့် မေ့ဆေးကြောင့် ဖြစ်လာနိုင်တဲ့ ရှုပ်ထွေးမှုလေးတွေလည်း နည်းသွားမှာ ဖြစ်ပါတယ်။
ခွဲထုတ်တာနဲ့ ဖြတ်ထုတ်တာဟာ ရလဒ်ကတော့ အတူတူပါပဲ။ အရေးအကြီးဆုံးက ခွဲရုံပဲ ခွဲထုတ်တာဆိုရင် ဓာတ်ရောင်ခြည်ကုသမှု ပေးကို ပေးရပါမယ်။ ကင်ဆာဆိုတာ တစ်သျှူးဖွဲ့စည်းပုံတွေကနေ ဖြစ်လာတဲ့ ပြဿနာတစ်ခု မဟုတ်လား။ ဒါကြောင့် ခွဲစိတ်ပြီးပြီဆိုရင် ဓာတ်ရောင်ခြည်ကုသမှုက နောက်က လိုက် ကို လိုက်ရပါတယ်။ ဒါမှ ကျန်ခဲ့တဲ့ မူမမှန်ဆဲလ်တွေပါ သေ ကုန်ပြီး ပြန်ဖြစ် မလာမှာ ဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ကုသမှုကို တစ်နေ့ ၁၅ မိနစ်ကြာနဲ့ ၂၅ ရက်ကနေ ၃၃ရက် အထိ နေ့စဉ် မှန်မှန် လုပ်ပေးရမှာ ဖြစ်ပါတယ်။
တစ်ချို့ က ခွဲပြီးတဲ့ နောက်ပိုင်း ဓာတ်ရောင်ခြည်ကုသမှုပေးတာ (ဓာတ်ကင်တာ) က ပို နာတယ် အချိန်လည်း ပိုကြာတယ် လို့ ပြောကြပါတယ်။ ဒါဆိုရင် ခွဲထုတ်မယ့်အစား တစ်ခုလုံးကို ဖြတ်ထုတ်ပစ်လိုက်တာက ရှင်းပါတယ်။ ခုနောက်ပိုင်းတော့ ဓာတ်ရောင်ခြည်ဟာ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဘေးထွက်ဆိုးကျိုးနည်းပြီး သိပ်လည်း မနာတော့တဲ့ ကုသမှုတွေ ပေးနိုင်နေပါပြီ။ တစ်ချို့ဆို လုံး၀ မနာတော့ဘူးလို့တောင် ပြောကြပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို မလိုအပ်တဲ့ ကြောက်ရွံ့မှုတွေနဲ့ မချမိစေဖို့ အထူးစဉ်းစားစေလိုပါတယ်။ ကိုယ်က ဘဝမှာ ဆက်ပြီး ရှင်သန်နေထိုင်ရအုန်းမှာလေ…။
ဓာတ်ရောင်ခြည်နဲ့ ကင်ဆာရောဂါကုသခြင်းဆိုတာဟာ ပြင်းအားမြင့်မား တဲ့ ရောင်ခြည်လှိုင်းတွေကိုအသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးတာ ဖြစ်ပါ တယ်။ ရောဂါအခြေအနေပိုမိုဆိုးရွားမသွားအောင်ကုသတဲ့ ရင်သားခွဲစိတ်ခြင်း ပြီးတဲ့နောက် မန်းရည်(ပြန်ရည်)ကျိတ်နဲ့ ရင်သားအပေါ် ကင်ဆာဆဲလ်များ ကြီးထွားခြင်းမှ ကာကွယ်နိုင်ဖို့ ဓာတ်ရောင်ခြည်ကုထုံးကိုအသုံးပြုလေ့ရှိပါတယ်။ ရင်သားဖြတ်ထုတ်ခြင်း(Mastectomy) လုပ်ဆောင်တဲ့လူနာများအနေနဲ့ ကင်ဆာကို မန်းရည်(ပြန်ရည်)ကျိတ်ထဲမှာတွေ့ရှိရတဲ့အခြေအနေ(သို့) ကင်ဆာ ဟာ ၅ စင်တီမီတာထက်ကြီးတဲ့အခြေအနေမှာ ဓာတ်ရောင်ခြည်ကုထုံးကို အသုံး ပြုပါတယ်။ လူနာများအနေနဲ့ ဓာတ်ရောင်ခြည်ကုထုံးကို ခန္ဓာကိုယ်ပြင်ပ (External Beam Radiation) အနေနဲ့ရော ခန္ဓာကိုယ်အတွင်းပိုင်း (Brachytherapy) အနေနဲ့ပါ လုပ်ဆောင်နိုင်ပါတယ်။ ဓာတ်ရောင်ခြည်ကုထုံးကို ရင်သားကင်ဆာသာလျှင် မကဘဲ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေဖြစ်တဲ့ ဦးနှောက်(သို့)အရိုး စသည်တို့မှာဖြစ်တဲ့ ကင်ဆာရောဂါ များကိုလည်း ကုသနိုင်ပါတယ်။
ခီမိုသရာဖီ ဆိုတာ ကင်ဆာဆဲလ်တွေကို ဆေးနဲ့ သတ်ပစ်တာဖြစ်ပြီး ထပ်ပြီး ပြန့်ပွားမလာအောင် ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကင်ဆာရဲ့ ဇီဝကမ္မလက္ခဏာတွေဖြစ်တဲ့ နာကျင်မှုနဲ့ ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ ခီမိုသရာဖီကို ဓာတ်ရောင်ခြည်ကုထုံးနဲ့ တွဲဖက်ပေးလေ့ရှိပြီး ခွဲစိတ်ပြီးတဲ့ နောက်ပိုင်း နောက်ဆက်တွဲ ကုထုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။ ခီမိုဆေးသွင်းတယ် ဆိုတာ ကြွက်သားတွေထဲကို ထိုးထည့်တာ၊ ရောဂါဖြစ်နေတဲ့နေရာကို သွေးကြောထဲကနေတစ်ဆင့် တိုက်ရိုက် ထိုးထည့်တာ ဖြစ်ပါတယ်။ အကြောထဲ တိုက်ရိုက် ထိုးသွင်းတဲ့ ဆေး ရှိသလို သောက်ဆေးနဲ့ လူးဆေး တွေလည်း ရှိပါတယ်။ အန်တာ၊ ဆံပင်ကျွတ်တာ၊ ပင်ပန်းနွမ်းနယ်တာတွေဟာ ခီမိုသရာဖီရဲ့ လူသိများတဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။
ဟိုမုန်းကုထုံးက ခွဲထုတ်ပြီးတဲ့နောက် ပြန်ဖြစ်မလာအောင် ကုတဲ့နေရာမှာ သုံးပါတယ်။ အမျိုးသမီးဟိုမုန်း အီစထရိုဂျင်ဟာ ကင်ဆာဖြစ်တာကို အားပေးပါတယ်။ ရင်သားကင်ဆာ ၃ ယောက်မှာ ၂ယောက်ဟာ သူတို့ရဲ့ ဟိုမုန်း receptor တွေဟာ positive တွေ ဖြစ်နေကြပါတယ်။ အီစထရိုဂျင်ဟိုမုန်းကို တားဆီး ထားလိုက်ခြင်းဟာ ကင်ဆာတွေမလာနိုင်အောင် ကာကွယ်ထားနိုင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဆေးကတော့ သောက်ဆေးလည်းရှိတယ် ထိုးဆေးလည်း ရှိပါတယ်။ တားဆီးတာပဲ ဖြစ်ဖြစ် နည်းသွားအောင်ပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။
ပစ်မှတ်ထားကုထုံးကတော့ ရင်သားထဲက ကင်ဆာဆဲလ်သက်သက်ကို ပစ်မှတ်ထားပြီး ကုသပေးတာ ဖြစ်ပါတယ်။ အဲဒီဆဲလ်တွေကို ကြီးထွားမလာစေဖို့နဲ့ ပြန့်မသွားစေဖို့ ဖမ်းထားပေးတာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ကုတဲ့ ဆေးတွေက သိပ်မပြင်းတဲ့အပြင် ခီမိုသရာဖီနဲ့ မတူတဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ရှိပါသေးတယ်။ ပစ်မှတ်ထားကုထုံးမှာသုံးတဲ့ ဆေးတွေကို HER2/neu protein (ကင်ဆာကို ပိုပြီး ပြန့်ပွားစေတဲ့ ပရိုတိန်း)ကို ပစ်မှတ်ထားတဲ့ဆေး နဲ့ ဟိုမုန်းကုထုံးကို အားပေးတဲ့ ဆေး ဆိုပြီး ၂ပိုင်း ခွဲထားပါတယ်။ ဒီ ပစ်မှတ်ထားကုထုံးကို ရင်သားကင်ဆာအပြင် အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာ စတဲ့ အခြားကင်ဆာရောဂါတွေမှာလည်း အသုံးပြုပါတယ်ဆိုတဲ့ အကြောင်း ရင်သားကင်ဆာကုထုံးများနဲ့ ပတ်သက်ပြီး ဗဟုသုဖြစ်ဖွယ် တင်ပြလိုက်ရပါတယ်။
The Intact™ Breast Lesion Excision System ဆိုတာနဲ့ VACNB ဆိုတာ ကုသပုံ ကုသနည်း ဘယ်လို တူတာလဲ ဆိုတာကို Dr. Voratape Kijtavee က ရှင်းပြပါတယ်။ ကုထုံး နှစ်မျိုးလုံးဟာ ရင်သားကို ခွဲရာသေးသေးလေးပေးပြီး အာလ်ထရာဆောင်းရဲ့ အကူအညီနဲ့ အသားစယူတဲ့ အပ်ကလေးကို ရင်သားထဲ ထိုးထည့်ပြီး အသားစနမူနာကို ထုတ်ယူပါတယ်။ ဒီနည်းလမ်းကို ရောဂါရှာဖို့ရော ကုသမှုပေးရာမှာပါ အသုံးပြုပါတယ်။ ရင်သားထဲက ကင်ဆာဆဲလ်လို့ ယူဆရတဲ့ အကြိတ်တွေကို ရှာဖွေတယ်၊ ဖယ်ထုတ်တယ် ပြီးတော့ ဆရာဝန်က အဲဒီနမူနာကို ဆန်းစစ်ပါတယ်။
ဒီနည်းနဲ့ဆိုရင် တစ်သျှူးနမူနာ ဝိုင်းဝိုင်းကလေး ရတယ်။ ဒီနည်းရဲ့ ကောင်းကွက်က ရိုးရှင်းတယ်၊ သေးသေးလေးပဲ ခွဲရတယ်။ နောက်တစ်ခုက ထုတ်လာတဲ့ အသားစနမူနာယူရင်းတစ်ခါတည်းကုလို့ ရတယ်၊ အခြား ကင်ဆာအကြိတ်ခွဲထုတ်တဲ့ ကုသမှုတွေလိုပဲ မသင်္ကာတဲ့ အကြိတ်နဲ့ ဘေးပတ်ပတ်လည်က တစ်သျှူးတွေကို တစ်ခါတည်း ထုတ်ယူလာလိုက်တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနည်းနဲ့ကုမယ်ဆိုရင် ရင်သားကင်ဆာအကြိတ်ဟာ ၁.၅ စင်တီမီတာထက် မကြီးမှဘဲ ဖြစ်နိုင်ပါတယ်။ အပ်က ၂စင်တီမီတာဆိုက်အထိ စုပ်ထုတ်လို့ရပေမယ့် အကြိတ်တင်မကဘဲ ဘေးပတ်လည်းက တစ်သျှူးတွေကိုလည်း ယူရအုန်းမယ်လေ။ ဒါကြောင့် အကြိတ်ရဲ့ အရွယ်အစားဟာ ၁.၅ စင်တီမီတာလောက်ပဲ သင့်တော်ပါမယ်။ သူ့အားနည်းချက်က အကြိတ်ဟာ ရင်သားအရေပြား ဒါမှမဟုတ် ရင်အုပ်နံရံနဲ့ သိပ် ကပ်နေရင် ယူလို့ မရဘူး။
ဒီနည်းနဲ့ဆိုရင် တစ်သျှူးနမူနာ ချွန်ချွန်လေးတွေ ရတယ်။ အသားစနမူနာယူတဲ့ အပ်ကို အကြိတ်ထဲကို ထိုးထည်းပြီး လေစုပ်တဲ့နည်းနဲ့ စုပ်ယူတာဖြစ်ပါတယ်။ နမူနာအများကြီး ယူလို့ရတယ်။ အပ်ထဲကို လေစုပ်တဲ့နည်းနဲ့ စုပ်ယူပြီး ဖြတ်တဲ့ဟာလေးနဲ့ ဖြတ်ချပေးခဲ့တာ။ ရိုးရှင်းပြီး အဆင်ပြေတယ်။ ဒီနည်းရဲ့ ကောင်းကွက်က ခွဲရာသေးသေးလေးကနေတစ်ဆင့် တစ်ခုထက်ပိုတဲ့ အကြိတ်တွေကို ဆွဲထုတ်နိုင်တာပဲ ဖြစ်ပါတယ်။
ဒီနည်းလမ်းနဲ့ဆိုရင် ခွဲစိတ်မှု ကြီးကြီးမားမားတွေ လုပ်စရာမလိုဘဲ အကြိတ် သေးသေးနဲ့ ခပ်ကြီးကြီးတွေအထိ ဖယ်ထုတ်ယူနိုင်ပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်