ရင်သားကင်ဆာဖြစ်ရခြင်းရဲ့ အကြောင်းရင်းခံတစ်ခုက အဲဒီ BRCA မျိုးဗီဇတွေ ပြောင်းလဲလာမှု ဒါမှမဟုတ် ပုံမမှန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ BRCA မှာ BRCA 1 နဲ့ BRCA 2 ဆိုပြီး ၂မျိုး ရှိပါတယ်။ BRCA ရဲ့ အဓိက လုပ်ငန်းဆောင်တာက ပျက်စီးသွားတဲ့ DNA တွေကို နဂိုမူလပုံစံအတိုင်း ပြန်ဖြစ်အောင် ပြုပြင်ပေးရတာ ဖြစ်ပါတယ်။ အဲဒီတော့ သူ့ရဲ့ မျိုးဗီဇရဲ့ သင်္ကေတ (genetic code) က ပြောင်းလဲသွားပြီဆိုရင် သူက ဆဲလ်ကို မပြင်တော့ဘဲ ဒီအတိုင်း ထားလိုက်တယ်။ အဲဒီကနေစပြီး ရင်သားကင်ဆာတို့ သားဥအိမ်ကင်ဆာတို့ စတာတွေ ဖြစ်လာဖို့ အခြေအနေတွေ ပေးလာခဲ့ပါတယ်။
ယေဘုယျအားဖြင့်ပြောရရင် ကျွန်တော်တို့ရဲ့ မျိုးဗီဇမှာ ၂ ခု ပါတယ်။ တစ်ခုက အမေဆီက ရတာ၊ တစ်ခုက အဖေဆီက ရတာ ဖြစ်ပါတယ်။ အဲဒီတော့ ပုံမမှန်တဲ့ BRCA မျိုးဗီဇဟာ အမေဆီက ပါလာနိုင်သလို အဖေဆီကလည်း ပါလာနိုင်ပါတယ်။ အဖေ့ဆီမှာဖြစ်ဖြစ် အမေ့ဆီမှာဖြစ်ဖြစ် ကင်ဆာ မျိုးရိုးပါလာတယ် ဆိုရင် ဒီ မှားနေတဲ့ BRCA မျိုးဗီဇဟာလည်း ကိုယ့်ဆီမှာ ပါလာမှာပဲ။ ဒါကြောင့်လဲ အင်ဂျလီနာဂျိုလီဟာ သူ စစ်ဆေးရင်းတွေ့ရှိတဲ့ မှားနေတဲ့ BRCA မျိုးဗီဇကို ဖြတ်ထုတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ အဖွားက သားဥအိမ်ကင်ဆာ၊ သူ့အမေက ရင်သားကင်ဆာရော သားဥအိမ်ကင်ဆာပါ ဖြစ်ကြပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်ခဲ့ကြတာ ဖြစ်ပါတယ်။