စောစောသိလေ အသက်ရှင်သန်ဖို့ပိုမိုအခွင့်အရေးများလေ ဖြစ်တဲ့ လေဖြတ်ခြင်းအကြောင်း

စောစောသိလေ အသက်ရှင်သန်ဖို့ပိုမိုအခွင့်အရေးများလေ ဖြစ်တဲ့ လေဖြတ်ခြင်းအကြောင်း

အနှစ်ချုပ်

  • လေဖြတ်ခြင်းကြောင့် (၆) စက္ကန့်တိုင်းမှာ လူတစ်ဦးသေဆုံးလျက်ရှိပါတယ်။ လေဖြတ်ခြင်းဟာ အသက်(၆၀) ကျော် သေဆုံးခြင်းကိုဖြစ်စေတဲ့ ဒုတိယအမြင့်ဆုံး အကြောင်းအရင်းတစ်ခုဖြစ်သလို့ အသက်(၁၅)နှစ်မှ (၅၉) နှစ် အတွင်းရှိသူတွေအတွက် သေဆုံးခြင်းကိုဖြစ်စေတဲ့ ပဉ္စမမြောက် အမြင့်မားဆုံး အကြောင်းအရင်းလည်းဖြစ်ပါတယ်။

  • AIDS ၊ တီဘီရောဂါ ၊ ငှက်ဖျား စတဲ့ ရောဂါ (၃)ခုပေါင်းထက် စာရင် လေဖြတ်ခြင်းဟာ နှစ်စဉ်သေဆုံးမှုကို ပိုမိုဖြစ်စေပါတယ်။

  • ကမ္ဘာတစ်ဝန်းမှာ လေဖြတ်ခြင်းဟာ ရေရှည် မသန်မစွမ်းဖြစ်စေနိုင်တဲ့ ရောဂါများ ထဲမှ တစ်ခုဖြစ်ပါတယ်။ လေဖြတ်တဲ့သူ (၃)ယောက်မှာ (၂)ယောက်ဟာ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့ နိုင်ငံများမှဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်း ရောဂါကြောင့် သေဆုံးမှုရာခိုင်နှုန်း စစ်တမ်းများအရ

လေဖြတ်ခြင်းဟာ ကင်ဆာနဲ့ နှလုံးရောဂါပြီးရင် တတိယမြောက်သေဆုံးမှု အများဆုံးဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။ သေဆုံးခြင်း(သို့) သွက်ချာပါဒ ဖြစ်ခြင်း များလည်း ရှိပေမယ့် လေဖြတ်ခြင်းဟာ အတွေ့ရအများဆုံး ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး နှစ်စဉ်ဖြစ်ပွားမှုနှုန်းဟာလည်း မြင့်တက်လျက် ရှိပါတယ်။

 

လေဖြတ်ခြင်းနဲ့ပတ်သက်ပြီးကောင်းစွာသိရှိနားလည်ခြင်း

လေဖြတ်ခြင်းဟာ သွေးလွှတ်ကြောကျဉ်းခြင်း (သို့) သွေးလွှတ်ကြောပိတ်ခြင်း ၊ သွေးကြောယိုစိမ့်ခြင်း ၊ သွေးကြောပေါက်ခြင်း တို့ကြောင့်ဖြစ်ပွားပြီး ဦးနှောက်ဆီ သွေးမပို့ပေးနိုင်တော့ဘဲ ဦးနှောက်တစ်ရှူးများကို ပျက်စီးသွားစေပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ရဲ့ နေရာမရွေးမှာဖြစ်ပွားနိုင်ပါတယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဆီ လုံလောက်တဲ့ သွေးပို့လွှတ်မှု မရှိတော့တဲ့အချိန်မှာ ခန္ဓာကိုယ် အစိတ်အပိုင်းများရဲ့ လုပ်ဆောင်မှုဟာလည်း ရပ်တန့်သွားကာ သွက်ချာပါဒဖြစ်ခြင်း ၊ သေဆုံးခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။ လေဖြတ်ခြင်း ပုံစံ (၂)မျိုးရှိပါတယ်။

  1. ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်း (Ischemic Stroke) ဟာ ဦးနှောက်အတွင်းရှိသွေးကြောများသွေးခဲခြင်း (Thrombotic Stroke) (သို့) သွေးကြောထဲမှသွေးခဲများဟာ ဦးနှောက်သွေးကြောကိုလာပိတ်ခြင်း (Embolic Stroke) ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအမျိုးအစားမှာပါဝင်တဲ့လေဖြတ်ခြင်းဟာ ဦးနှောက်သွေး လွှတ်ကြောအတွင်း ပိတ်ဆို့ခြင်း ကြောင့်ဖြစ်ပွားပြီး ဦးနှောက်ဆီ သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ လေဖြတ်ခြင်းအားလုံးရဲ့ (၈၀) ရာခိုင်နှုန်းဟာ Ischemic Stroke ဖြစ်ပါတယ်။
  2. သွေးယိုခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်း(Hemorrhagic Stroke) ဟာ ဦးနှောက်ထဲ ရှိသွေးကြောများ ယိုစိမ့်ခြင်း(သို့) ပျက်စီးခြင်းကြောင့်ဖြစ်ပြီး ဦးနှောက်တစ်ရှူး တစ်ဝိုက် ဆီကို သွေးတွေ ရောက်သွားစေပါတယ်။ လေဖြတ်ခြင်းရဲ့ (၂၀) ရာခိုင်နှုန်းဟာ ဒီအမျိုးအစားမှာပါဝင်ပြီး အသက်အန္တရာယ် ရှိပါတယ်။

လေဖြတ်စေတဲ့အကြောင်းအရင်းများ

လေဖြတ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းများကို ထိန်းချုပ်နိုင်တဲ့ အကြောင်းအရင်းများ နဲ့ မထိန်းချုပ်နိုင်တဲ့ အကြောင်းအရင်းများဆိုပြီး ခွဲခြားနိုင် ပါတယ်။

1. မထိန်းချုပ်နိုင်တဲ့အကြောင်းအရင်းများ

  • အသက်အရွယ် - သွေးကြောများယိုယွင်းခြင်းနဲ့ သွေးလွှတ်ကြောများကျဉ်းလာ ခြင်းဟာ လေဖြတ်ခြင်းကိုပိုမိုဖြစ်စေနိုင်တာကြောင့် အသက်(၆၅) နှစ်အထက် ရှိသူတွေဟာ ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။
  • ကျား/မ - အမျိုးသားများဟာ အမျိုးသမီးများထက် လေဖြတ်နိုင်ခြေ ပိုများပါတယ်။
  • မိသားစုကျန်းမာရေးရာဇဝင် - မိသားစုထဲမှာ လေဖြတ်ဖူးသူများ အထူးသဖြင့် မိသားစုဝင်တစ်ယောက်ဟာ အသက်ငယ်ရွယ်စဉ်မှာ လေဖြတ်ခဲ့တယ်ဆိုရင် လေဖြတ်နိုင်ခြေများပါတယ်။

2. ထိန်းချုပ်နိုင်တဲ့အကြောင်းအရင်းများ

  • သွေးတိုးခြင်း
  • သွေးတွင်းအဆီများခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ဆီးချိုနှင့်အဝလွန်ခြင်းကဲ့သို့နာတာရှည်အခြေအနေများ

လေဖြတ်ခြင်းရဲ့လက္ခဏာများ

  • ခန္ဓာကိုယ်တစ်ဝက်(သို့) ခန္ဓာကိုယ်တစ်ခြမ်း အားနည်းသွားခြင်း
  • ခန္ဓာကိုယ် အထူးသဖြင့် ခန္ဓာကိုယ်တစ်ခြမ်းလုံးမှာ ထုံကျဉ်ခြင်း(သို့) အထိအတွေ့ မခံစားရခြင်း
  • လေသံမပီသခြင်း (သို့) စကားပြောဖို့ခက်ခဲခြင်း
  • ခန္ဓာကိုယ်ဟန်ချက်ညီမှု (သို့) လှုပ်ရှားမှု မရှိတော့ခြင်း ၊ လမ်းလျှောက်ဖို့ခက်ခဲ ခြင်း၊ မူးဝေခြင်း
  • အမြင်အာရုံတစ်ဖက်ကွယ်ခြင်း ၊ မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း ၊ အမြင်အာရုံဝေဝါးခြင်း

အဆိုပါလက္ခဏာတွေဟာ ရုတ်တရက်ပြလေ့ရှိပါတယ်။ တချို့အခြေအနေများမှာ တော့ Transient Ischemic Attack(TIA) ခေါ် လေဖြန်းခြင်း ရဲ့ လက္ခဏာအနေနဲ့ ဖြစ်လေ့ရှိပြီး လက္ခဏာတစ်ကြိမ်ပြကာ ပြန်လည် ပျောက်ကင်းသွားပါတယ်။ ဒါမှမဟုတ် နောက်တစ်ကြိမ်ပြန်ဖြစ်ကာ အမြဲတမ်း လေဖြတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

လေဖြတ်ခြင်းလက္ခဏာများကိုအတည်ပြုနိုင်တဲ့ FAST နည်းလမ်း

လေဖြတ်ခြင်းရဲ့ အဓိက လက္ခဏာများကို လွယ်ကူတဲ့ FAST နည်းလမ်းနဲ့ အတည်ပြုနိုင် ပါတယ်။

F = Face (မျက်နှာ) ပြုံးဖို့ကြိုးစားနေချိန်မှာ မျက်နှာဟာ ထုံကျဉ်နေခြင်း(သို့) အားနည်းနေခြင်း ၊ မျက်နှာတစ်ဖက်ရွဲ့ခြင်း

A = Arm (လက်) လက်တစ်ဖက်အားနည်းပြီး လူနာဟာ လက်တစ်ဖက်(သို့) နှစ်ဖက်စလုံး မြှောက်လို့မရခြင်း

S = Speech (ပြောစကား) စကားဗလုံးဗထွေးဖြစ်ခြင်း (သို့) မူမမှန်တဲ့အသံဖြစ်နေခြင်း

T = Time (အချိန်) အထက်ဖော်ပြပါ လက္ခဏာတစ်ခုခုကို သတိထားမိတယ်ဆိုရင် တော့ ချက်ချင်း ဆေးရုံသွားဖို့ အချိန်ကျပြီဖြစ်ပါတယ်။

ဖော်ပြပါ FAST လက္ခဏာများဟာ မဖြစ်မနေ အသိသတိ ရှိရမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။ ဖော်ပြပါလက္ခဏာတွေ ပြသပြီး ကြိုတင်မဟုတ်ဘဲ ရုတ်တရက် ဖြစ်ပေါ်လာတယ်ဆိုရင် ဆေးရုံကို ချက်ချင်းသွားရောက်ပြသသင့်ပါတယ်။ ဦးနှောက်ဆီ သွေးပို့လွှတ်မှုမရှိတဲ့ ကြာချိန် (၁) မိနစ်တိုင်းမှာ ဦးနှောက်ဆဲလ် (၂) သန်းအထိ သေဆုံး နိုင်ပါတယ်။ ဒါကြောင့် မသန်မစွမ်းဖြစ်နိုင်ခြေ နဲ့ သေဆုံးသည်အထိဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် အချိန်မီ ကုသမှု ခံယူဖို့က အရေးကြီးပါတယ်။

Transient Ischemic Attack (TIA) ခေါ် လေဖြန်းခြင်း

လေဖြတ်ခြင်းလက္ခဏာနဲ့ဆင်တူတဲ့ လက္ခဏာများပြသပြီး မိနစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားတယ်ဆိုရင် ဒါဟာ Transient Ischemic Attack(TIA) ခေါ် လေဖြန်းခြင်း ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကုသမှု အကူအညီ မယူလိုက်ဘူးဆိုရင် လေဖြန်းခြင်းကနေ ပိုမိုဆိုးရွားတဲ့ လေဖြတ်ခြင်း ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် လေဖြန်းခြင်းကို လျစ်လျူပြုပြီး မပေါ့ဆသင့်ပါဘူး။ လက္ခဏာပေါ်လာပြီး သူ့အလိုလိုပျောက်ကင်းသွားတယ်ဆိုရင်တောင် ရုတ်တရက် ရောဂါ ရှာဖွေမှုပြုလုပ်ဖို့ ဆရာဝန်နဲ့ သေချာ ပြသတိုင်ပင်သင့်ပါတယ်။

လေဖြတ်ခြင်းကိုကြိုတင်ကာကွယ်ဖို့ဆိုရင်

လေဖြတ်ခြင်းကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက တော့ ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပြီး လေဖြတ်နိုင်ခြေကိုလျှော့ချခြင်းပဲဖြစ်ပါတယ်။

  • လေဖြတ်ခြင်းအပါအဝင် ရောဂါအမျိုးမျိုးကိုဖြစ်စေတဲ့ အဓိကအကြောင်း အရင်း ဖြစ်တဲ့ အဝလွန်ခြင်းမဖြစ်အောင်နေထိုပြီး ကျန်းမာရေးနဲ့ညီညွှတ်မျှတအောင် ကိုယ်အလေးချိန်ထိန်းသိမ်းပါ။

  • အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးများကို အလေးထား စားသုံးပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ။  သွေးအဆီဓာတ်ကိုမြင့်မားစေတဲ့ အဆီဓာတ် အများအပြားပါဝင်တဲ့အစားအစာများကို နဲ့ သွေးတိုးခြင်းကိုဖြစ်စေတဲ့ ဆိုဒီယမ်ပါဝင်မှုမြင့်မားတဲ့ အစားအစာများကို ရှောင်ကျဉ်ပါ။

  • ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့ လေ့ကျင့်ခန်းလုပ်ပြီး သွေးတွင်းအဆီနဲ့ သွေးတိုးကို လျှော့ချပါ။ လေ့ကျင့်ခန်းကိုသင့်လျော်အောင် လုပ်ဆောင်သင့်ပြီး တစ်ပတ်ကို အနည်းဆုံး မိနစ် (၁၅၀) ကြာအောင် ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။

  • လေဖြတ်ခြင်းရဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုဖြစ်တဲ့ ဆေးလိပ်သောက် ခြင်းကိုရှောင်ကျဉ်ပါ။ ဆေးလိပ်သောက်တာကိုကိုယ်တိုင်ဖြတ်ဖို့ အဆင်မပြေဘူး ဆိုရင်လည်း ပိုထိရောက်တဲ့ရွေးချယ်မှုကို လုပ်ဆောင်ဖို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။
  • အရက်သောက်သုံးမှုကိုလျှော့ချပါ။ အမျိုးသားများအတွက်တစ်နေ့ကို (၂) ခွက်ထက် ပိုမသောက်ပါနဲ့ ။ အမျိုးသမီးများ တစ်နေ့ကို (၁) ခွက်ထက် ပိုမသောက် ပါနဲ့။
  • အဆီဓာတ်မညီမျှခြင်း ၊ သွေးတိုးရောဂါ ၊ ဆီးချို စတဲ့ လေဖြတ်ခြင်းကို ဖြစ်စေတဲ့ ရောဂါများကို ထိန်းသိမ်းလျှော့ချပါ။ ဆရာဝန်နဲ့ပုံမှန်ပြသပြီး ဆရာဝန်ရဲ့ အကြံပေး လမ်းညွှန်ချက်များအတိုင်းလိုက်နာပါ။ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခု သတိထား မိတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသတိုင်ပင်ပါ။
  • နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများဟာ သင် သတိမထားမိတဲ့ ရောဂါများကို ရှာဖွေ ပေးနိုင်တာကြောင့် နှစ်စဉ် စစ်ဆေးဖို့မမေ့ပါနဲ့။ ရောဂါကို စောစောစီးစီး တွေ့ရှိ လေလေ ပျောက်ကင်းအောင်ကုသဖို့အတွက် အခွင့်အရေး ပိုများလေလေ ဖြစ်ပါတယ်။ ဒါ့အပြင် လက္ခဏာများကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။

 လေဖြတ်ခြင်းကိုရှာဖွေစစ်ဆေးခြင်း

  • ကျန်းမာရေးရာဇဝင်နဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း
  • သွေးကြောပိတ်ခြင်း (သို့) သွေးယိုခြင်းကြောင့် ဦးနှောက်ထိခိုက်မှု ရှိမရှိသိရဖို့ ဦးနှောက်ကို CT Scan ဖြင့်စစ်ဆေးခြင်း
  •  ဦးနှောက်ပုံရိပ်အသေးစိတ်ကို ပုံရိပ်ဖော်ပေးနိုင်တဲ့ MRI Scan ရိုက်ခြင်း ။ MRI Scan ဟာ သွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းကနေ ဦးနှောက် တစ်ရှူးများပျက်စီးမှု ရှိ မရှိကို သိနိုင်ပါတယ်။ ဒါဟာ နောက်တစ်ဆင့် အနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ ဆက်လက် ကုသမလဲ ဆိုတာကို သိနိုင်ပါတယ်။
  • ဦးနှောက်သွေးကြောပုံရိပ်ဖမ်းခြင်း Cerebral Angiography နည်းလမ်း - ဒီစစ်ဆေးမှုနည်းလမ်းကတော့ ပေါင်ခြံကနေ အပေါက်သေးသေးဖောက်ပြီး ပြွန်ပိုက်တစ်ချောင်းကို အဓိကသွေးလွှတ် ကြောများကိုဖြတ်သန်းကာ လည်ပင်းဘေးရှိသွေးလွှတ်ကြော(Carotid) (သို့)  ကျောရိုးမကြီးရှိသွေးလွှတ်ကြော (Vertebral Artery) ထိရောက်အောင် ထည့်သွင်းပါတယ်။ အဲဒီနောက် X-Ray ကနေတစ်ဆင့် ဦးနှောက်ထဲ ပိတ်ဆို့မှု ရှိ မရှိသိစေဖို့ လူနာရဲ့ သွေးကြောထဲကို အရောင်ပါတဲ့ဆေးတစ်မျိုးသုံးကာ ပုံရိပ်ဖမ်းယူ ကြည့်ရှုစစ်ဆေးပေးပါတယ်။ 
  • ကြိမ်နှုန်းမြင့်မားတဲ့ အသံလှိုင်းများကိုအသုံးပြုထားပြီး နာကျင်မှုမရှိတဲ့ Ultrasonography နည်းလမ်းဟာ လည်ပင်းဘေးရှိသွေးလွှတ်ကြော(Carotid) အတွင်း ပုံရိပ်များကိုဖမ်းယူပေးပြီး သွေးကြောထဲမှာ မူမမှန်မှု ရှိ မရှိကို စစ်ဆေးပေး ပါတယ်။

လေဖြတ်ခြင်းအတွက် ကုသမှုနည်းလမ်းများ

  • တရားထိုင်ခြင်း ဟာ သွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်းများ အတွက် ပြန်လည် ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးခဲခြင်း အတွက် ဆရာဝန်မှ ဆေးဝါးပေးဖို့ စဉ်းစားပါလိမ့်မယ်။ တကယ်လို့ ကုသမှုဟာ အလျှင် အမြန်အတွင်းပြီးသွားတယ်ဆိုရင် လေဖြတ်ပြီးပြန်လည်သက်သာလာသူ အတွက် အထောက်အကူပြုပါတယ်။
  • ခွဲစိတ်ကုသခြင်း (Carotid Endarterectomy) ဟာ ဦးနှောက်ဆီ သွေးပို့လွှတ်တဲ့ သွေးလွှတ်ကြော အတွင်းမှာ တင်နေတဲ့ အဆီတွေကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာဦးနှောက်ဆီ သွေးစီးဆင်းမှုကို ကို ပိတ်ဆို့ စေတဲ့ သွေးလွှတ်ကြောများအတွင်းရှိ အဆီဓာတ်များကြောင့် ဖြစ်တဲ့ Ischemic Stroke ကို ကုသရာမှာ အသုံးပြုပါတယ်။

လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်ဖို့အတွက် ကိုယ်တိုင် ပြုပြင်ထိန်းသိမ်း နိုင်တဲ့  ရောဂါဖြစ်စေတဲ့အကြောင်းအရင်းများကို လျှော့ချဖို့ပဲဖြစ်ပါတယ်။ အဲဒီအတွက် နှစ်စဉ်ကျန်းမာရေးစစ်ဆေးကာ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ ခန္ဓာကိုယ်ကို အမြဲတမ်း စစ်ဆေးပြီး မူမမှန်တဲ့ လက္ခဏာတွေ အထူးသဖြင့် FAST နည်းလမ်းနဲ့ လက္ခဏာတွေကို စစ်ဆေးရပါမယ်။ ရောဂါကို စောစောသိလေလေ ပျောက်ကင်းကုသဖို့ အခွင့် အရေး များလေလေ ဖြစ်တယ်ဆိုတာကို သိထားရပါမယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။