ငါ၏ ဒူးနာ၏၊ ဆေးကု၍ရပါသည်။

ငါ၏ ဒူးနာ၏၊ ဆေးကု၍ရပါသည်။

အနှစ်ချုပ်

  • အဝလွန်တဲ့သူ ၃ ယောက်မှာ ၂ ယောက်က ဒူးနာနေပါတယ်။

  • လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေထဲလမ်းလျှောက်ခြင်း၊ ရေကူးခြင်း စတာတွေဟာ ဒူးနာ အတွက် သင့်လျော်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

     

အဆစ်အမြစ်တွေရောင်တယ်ဆိုတာ အဖြစ်များနေတဲ့ ကိစ္စတစ်ခုပါ။ ဒါလည်း အသက်တိုစေတဲ့ ကိစ္စတွေထဲက တစ်ခုပါပဲ။ ဒူးဆစ်တွေ ရောင်ရမ်းနာကျင်တာဟာ ဒူးခေါင်းပျက်စီးယိုယွင်းခြင်းရဲ့ အဓိက တရားခံပဲဖြစ်ပါတယ်။ ဒူးဆစ်တစ်ခုရဲ့ သက်တမ်း နဲ့ အသုံးများမှုတွေအပြင် ဒူးကျန်းမာရေးကို ထိခိုက်စေတဲ့ တခြားအကြောင်းတစ်ခုကတော့ အဝလွန်ခြင်းပါပဲ။ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ အချက်အလက်များအရ အဝလွန်တဲ့သူ ၃ ယောက်မှာ ၂ ယောက်က ဒူးနာနေတယ်လို့ ဆိုပါတယ်။

“အိမ်အိုတော့ ကျားကန်ရတယ်” ဆိုတာလို ဘ၀နေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲပေးခြင်းဟာလည်းပဲ ဒူးဆစ်ရောင်ရမ်းနာကျင်မှုကြောင့်ဖြစ်လာမယ့် အကျိုးဆက်တွေကို လျှော့ချနိုင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဒူးခေါင်းရဲ့ လုပ်ငန်းဆောင်တာတွေကို မထိခိုက်စေဘဲနဲ့ နာကျင်နေမှုကို လျှော့ချနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒူးကောင်းမှ ဖြစ်မယ် မဟုတ်လား။

ဒူးအဆစ်မြစ်ရောင် ကာကွယ်ခြင်းနှင့် ခွဲစိတ်မှုမဟုတ်သောကုသမှုများဖြင့်ကုသမှုခြင်း အောက်ပါအဓိကပုံစံ (၄)မျိုးဖြင့် အမျိုးအစားခွဲခြားထားပါတယ်။

၁။ ဘ၀နေထိုင်မှုစတိုင်ပြုပြင်ပြောင်းလဲခြင်း။ (ဝိတ်ချခြင်းနဲ့ အနားယူခြင်း)
၂။ လေ့ကျင့်ခန်း
၃။ အထောက်အကူပြုကိရိယာများ
၄။ နာကျင်စေမှုကို သက်သာစေတဲ့ အပူ/အအေး ကုထုံးများ

 

၁။ ဘ၀နေထိုင်မှုစတိုင်ပြုပြင်ပြောင်းလဲခြင်း။ (ဝိတ်ချခြင်းနဲ့ အနားယူခြင်း)

နေထိုင်မှုစတိုင်ကို ပြုပြင်ပြောင်းလိုက်ခြင်းဆိုတာ ဝိတ်ချခြင်း၊ လုပ်နေကျလေ့ကျင်ခန်းတွေဖြစ်တဲ့ ပြေးတာတို့ ခုန်တာတို့အစား စက်ဘီးစီးတာတို့ ရေကူးတာတို့ ပြောင်းလုပ်ခြင်းအားဖြင့် ဒူးဆစ် နာကျင်မှုကို လျော့ကျစေနိုင်ပါတယ်။ ဒူးကို ထိခိုက်ပင်ပန်းစေတဲ့ လှေကားတက်ခြင်း စတဲ့ အလုပ်တွေကို ရှောင်တာ၊ အဝလွန်နေရင် ဝိတ်ချတာ စတာတွေဟာလည်း ဒူး ကို အနားရစေတဲ့အပြင် ဒူးက ထမ်းထားရတဲ့ ဝိတ် တွေကိုလည်း လျှော့ချပေးရာရောက်ပါတယ်။ တကယ်လို့ ဒူးနာတာတို့ ဒူးရောင်တာတို့ ဖြစ်နေပြီဆိုရင် ဒူးကို ၁၂ နာရီကနေ ၂၄ နာရီအထိ အနားပေးထားခြင်းဖြင့် အဆိုပါ နာကျင်မှုတွေကို သက်သာစေနိုင် ကြောင်း တွေ့ရပါတယ်။
 

တစ်ကိုယ်လုံးရဲ့ဝိတ်တွေကို ခါးနဲ့ ဒူးက ထမ်းထားရတာဖြစ်တာမို့ အဝလွန်တာဟာ အဆစ်တွေ အပေါ်မှာ ဝန် ပိ စေပါတယ်။ ဒါကြောင့် ဝိတ်ကလေးနည်းနည်းလျှော့ပေးလိုက်ခြင်းအားဖြင့် အဆစ်တွေကို ဝန်ပို ထမ်းနေရခြင်းမှ သက်သာစေပါတယ်။ ဝိတ်ချတယ် ဆိုပေမယ့် ကျန်းမာရေးထိခိုက်လောက်တဲ့အထိ မဖြစ်စေဖို့ကိုလည်း သတိပြုရမှာဖြစ်ပါတယ်။ ဘ၀နေထိုင်မှုစတိုင်ကို အစားအသောက်နဲ့ ဝိတ်ချခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ ထိန်းချုပ် ပြောင်းလဲဖို့ တိုက်တွန်းပါတယ်။

၂။ လေ့ကျင်ခန်း

လေ့ကျင့်ခန်းလုပ်တယ် ဆိုတာ ကြွက်သားတွေကို အားရှိအောင် လုပ်ပေးခြင်းနဲ့ အတူ အလိုက်သင့် လှုပ်ရှားပြောင်းလဲပေးနိုင်မှုစွမ်းရည်တွေကို တိုးတက်စေပါတယ်။ ဒါ့အပြင် ဒူးဆစ်တွေနားမှာရှိတဲ့ ကြွက်သား တွေကိုလည်း အားကောင်းစေပါတယ်။ ဒါမှလည်း ဒူးခေါင်းကို ငြိမ်နေအောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေထဲလမ်းလျှောက်ခြင်း၊ ရေကူးခြင်း စတာတွေဟာ သင့်လျော်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ ဒူးနာတာကိုလည်း သက်သာစေပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်လိုက်မှ နာလာတာ၊ ပိုဆိုးလာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကတော့ လေ့ကျင့်ခန်းလုပ်ချင်ဇောအားကြီးလို့ရှိရင်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးကြုံလာရင်တော့ ဆရာဝန် ဒါမှမဟုတ် အရိုးအကြောအဆစ်ပညာရှင်တွေနဲ့တိုင်ပင်ပြီး တစ်ဦးချင်းအတွက် သင့်လျော်ကိုက်ညီတဲ့ လေ့ကျင့်ခန်းတွေကို ရွေးလုပ်ဖို့ လိုပါတယ်။

၃။ အထောက်အကူပြုကိရိယာများ

ဒူးနာနေတဲ့လူတစ်ယောက်အဖို့ လမ်းလျှောက်ရာမှာ အထောက်အကူပြုကိရိယာတွေ အသုံးပြုပေးခြင်းဖြင့် ဒူးနဲ့ ခါးအပေါ်မှ ကျရောက်နေတဲ့ ဝိတ်ကို လျှော့ချပေးပြီး သူတို့ကိုညှာတာရာရောက်သလို လမ်းလျှောက်တဲ့နေရာမှာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။ တုတ်ကောက်၊ ဒူးကို အထောက်အပံ့ပေးဖို့ အထူးပြုလုပ်ထားတဲ့ ဖိနပ် စတာတွေဟာ ဒူး အထောက်အကူပြု ကိရိယာတွေပဲ ဖြစ်ပါတယ်။ အဲဒါတွေကို တတ်ကျွမ်းနားလည်တဲ့ ဆရာတွေနဲ့ သေသေချာချာတိုင်ပင်ပြီးမှ အသုံးပြုရပါမယ်။ ဥပမာ တုတ်ကောက်ကို မနာတဲ့ခြေထောက်ဘက်က ထောက်ပြီးသွားတဲ့ အမှားမျိုး စတာတွေ မလုပ်မိဖို့ပေါ့။ တုတ်ကောက်ဆိုရာမှာလည်း တစ်ယောက်နဲ့ တစ်ယောက် သုံးဖို့လိုအပ်တဲ့ တုတ်ကောက် အမျိုးအစားချင်းက ကွဲတတ်ပါသေးတယ်။ ဒူးကို အထောက်အပံ့ပေးထားတဲ့ စပယ်ရှယ်ဖိနပ် ဆိုတာမျိုးကလည်း သတ်မှတ်ထားတဲ့ကာလထက်ပိုပြီး အမြဲတမ်းစီးထားဖို့ မသင့်တော်ဘူး ဆိုတဲ့ လမ်းညွှန်မှုမျိုး ရထားဖို့ လိုပါတယ်။

၄။ နာကျင်စေမှုကို သက်သာစေတဲ့ အပူ/အအေး ကုထုံးများ

ဒူးနာတာကို သက်သာစေဖို့ အပူ/အအေး ကုထုံးတွေဟာလည်း လွယ်ကူတာမို့လို့ အိမ်မှာပဲ ကိုယ့်ဟာကိုယ် လုပ်နိုင်ပါတယ်။အပူဓာတ်က အဆစ်အချင်းချင်းပွတ်တိုက်မှုကြောင့် ဖြစ်တဲ့ နာကျင်မှုကို သက်သာစေနိုင်သလို အအေးဓာတ်ကလည်း ကြွက်သားနာကျင်မှုနဲ့ ရောင်ရမ်းမှုတို့ကို လျှော့ချပေးနိုင်ပါတယ်။ ဒဏ်ကြေဆေး လိုခရင်မ်မျိုးတွေ လိမ်းပေးခြင်းဖြင့် ဒူးဆစ်တွေ နာကျင်နေတာကို ယာယီသက်သာစေပါတယ်။ တစ်ချို့ အပူ/အအေး ဆေးတွေက လိမ်းလိုက်ရင် ထုံ သွားစေတာမို့ နာကျင်နေတာကို မေ့သွားစေပါတယ်။ တစ်ချို့ ခရင်မ်တွေက အရောင်ကျဆေးလိုဟာတွေ ပါတာကြောင့် အရေပြားကတစ်ဆင့် ဆေးအာနိသင်ကို ရရှိနိုင်ပါတယ်။ ဒီလိုဆေးမျိုးစာ အရေပြားနဲ့ နီးတဲ့အဆစ်တွေ (ဒူးဆစ်တို့၊ လက်ဆစ်တို့) အတွက် သင့်တော်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။