ကင်ဆာရောဂါဟာ လူ့အသက်ပေါင်းများစွာကို သေဆုံးစေတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကနဦးအဆင့်မှာ စောစောစီးစီး ရောဂါရှာဖွေ တွေ့ရှိတယ်ဆိုရင် အောင်မြင်စွာကုသနိုင်တဲ့ ကင်ဆာအမျိုးအစားများလည်း ရှိပါတယ်။ အဲဒီထဲကမှ ဆီးကျိတ်ကင်ဆာဟာ ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရသလို ကနဦးအဆင့်မှာလည်း ထင်သာတဲ့လက္ခဏာ မပြတတ်ပါဘူး။ ဆီးကျိတ်ကင်ဆာဟာ နှစ်စဥ် ပုံမှန် ရောဂါစစ်ဆေးမှသာလျှင် ရှာဖွေ တွေ့ရှိနိုင်တာဖြစ်ပါတယ်။
ဆီးကျိတ်ဟာ အမျိုးသားများရဲ့ မျိုးပွားမှုစနစ်နဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ဆီးအိမ်နဲ့ နီးကပ်စွာ တည်ရှိပါတယ်။ ဆီးကျိတ်ဟာ အမျိုးသားများရဲ့ သုတ်ရည်ထုတ်လွှတ်မှု အချိန်အဆ ကို ပံ့ပိုးပေးတဲ့ ဂလင်းအရည် တစ်မျိုးကို ထုတ်လုပ် ပေးပါတယ်။ အမျိုးသားများသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ရဲ့ အရွယ်အစားဟာလည်း တဖြည်းဖြည်းကြီးထွားလာပါတယ်။
လက္ခဏာများ
ဆီးကျိတ်ကင်ဆာရဲ့ ကနဦးအဆင့်မှာ လူနာဟာ ပြင်ပလက္ခဏာမပြတာကြောင့် ကင်ဆာဟာ ပိုမိုကြီးထွားလာပြီး တခြားသော ကိုယ်အဂ်ါအစိတ်အပိုင်းတွေကို မပျံ့ နှံ့ခင်အချိန်အထိ ရောဂါဖြစ်နေတယ်ဆိုတာကို မသိရပါဘူး။
အမျိုးသားတစ်ယောက်အနေနဲ့အောက်ပါလက္ခဏာတစ်ခုခုကို ခံစားနေရပြီဆိုရင် တိတိကျကျရောဂါရှာဖွေစစ်ဆေးဖို့ ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်သင့်ပါတယ်။
- ဆီးမကြာခဏသွားဖို့လိုအပ်ခြင်း (အထူးသဖြင့် ညအိပ်ချိန်များတွင်)
- ဆီးအနည်းငယ်သာသွားပြီး စူးခနဲခံစားရခြင်း
- ဆီး မှာ သွေးပါခြင်း
- အရိုးများနာကျင်ကိုက်ခဲခြင်း
ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့အကြောင်းအရင်းများ
ဆီးကျိတ်ကင်ဆာဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အဓိကအချက်ကို ရှင်းရှင်းလင်း လင်းမသိရပေမယ့်လည်း ရောဂါဖြစ်ပွားစေတဲ့ ဖြစ်နိုင်ခြေအကြောင်းအရင်း တချို့ရှိပါတယ်။ အောက်ပါလက္ခဏာများဟာ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရင်းများပဲဖြစ်ပါတယ်။
- အမျိုးသားများအသက်(၅၀)ကျော်ခြင်း
- အဝလွန်ခြင်း
- အရက်ပုံမှန်သောက်ခြင်း
- ဆေးလိပ်သောက်ခြင်း
- အဆီအဆိမ့်များတဲ့အစားအစာများစားသုံးခြင်း
- သစ်သီးနဲ့ အသီးအရွက် လုံလောက်စွာမစားခြင်း (သို့) လုံးဝမစားခြင်း
- မိသားစုထဲမှာ ဆီးကျိတ်ကင်ဆာဖြစ်ဖူးသူရှိခြင်း
ရောဂါရှာဖွေခြင်း
ဆီးကျိတ်ကင်ဆာအတွက် ဆီးကျိတ် ကနေ ထုတ်လုပ်တဲ့ ဓါတ်ပစ္စည်းတစ်ခုဖြစ်တဲ့ Prostate Specific Antigen(PSA) ပမာဏတိုင်းတာဖို့ သွေးစစ်ခြင်းနည်းလမ်းနဲ့ ရောဂါရှာဖွေစစ်ဆေးနိုင်ပါတယ်။ အဲဒီအပြင် ဆရာဝန်က လူနာရဲ့ စအိုထဲကို လက်နှိုက်ပြီး ဆီးကျိတ်ရဲ့ ပုံစုံနဲ့ အနေအထား စစ်ဆေးခြင်းနည်းလမ်းကိုလည်း အသုံးပြုမှာဖြစ်ပါတယ်။
တကယ်လို ပုံမှန်မဟုတ်တဲ့ဟာ တစ်ခုခုတွေ့ရှိရတယ်ဆိုရင် လူနာကို MRI ရိုက်ခိုင်းပြီး နောက်ထပ်လိုအပ်တဲ့ ဓာတ်ခွဲစစ်ဆေးမှုများအတွက် ဆီးကျိတ် အသားစနမူနာယူမှာဖြစ်ပါတယ်။ တကယ်လို့ ဆီးကျိတ်ကင်ဆာဖြစ်တာ သေချာ နေပြီဆိုရင်တော့ ကင်ဆာဟာ ဘယ်အဆင့်ရှိနေလဲသိရဖို့ နောက်ထပ်လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်မှာဖြစ်ပါတယ်။ ဒါမှသာ သင့်လျော်တဲ့ကုသမှုနည်းလမ်း နဲ့ ကုသနိုင်မှာဖြစ်ပါတယ်။