ခေါင်းတစ်ခြမ်းကိုက်ခြင်း (Maigraines) ဆိုတာက ပုံမှန်ခေါင်းကိုက်တာထက်ပိုပြီးပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်ပြီး တစ်ဖက်တည်း(ခေါင်းကိုက်တိုင်း အမြဲလိုလိုတစ်ဖက်ပဲကိုက်ခြင်း) တဆစ်ဆစ် ကိုက်နေတတ်သလို နှစ်ဖက်လုံး ကိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခဏခဏ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားနိုင်သလို တစ်ခါတစ်ရံ ခေါင်းတစ်ခြမ်းမကိုက်ခင်မှာ ရှေ့ပြေး လက္ခဏာမပြဘဲ (သို့) လက္ခဏာပြပြီးတော့မှ ခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ အလင်းရောင် ၊ အသံနဲ့ အနဲ့တွေကြေင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုဖြစ်စေတတ်ပြီး နောက်ဆက်တွဲအဖြစ် မအီမသာဖြစ်ခြင်းနဲ့ အော့အန်ခြင်းများ ဖြစ်စေတတ်ပါတယ်။
ကလေး၊ လူကြီး အသက်အရွယ်မရွေး ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇ ၊ စိတ်ဖိစီးမှု ၊ လိင်ဟော်မုန်း ၊ မွေးရာပါကျန်းမာရေးပြဿနာများနဲ့ တချို့ဆေးဝါးများကိုကြာရှည်စွာ သောက်သုံးခြင်းတို့ဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားနိုင်ခြေ (၃) ဆအထိ ရှိပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရပြီဆိုရင်တော့ သေချာစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီး ရောဂါအဖြေရှာသင့်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်ရယ်လို့ဖြစ်လာပြီဆိုရင် ခေါင်းကိုက်ခြင်းဝေဒနာကို အချိန်မရွေးခံစားရနိုင် ပါတယ်။ ဒါဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းလက္ခဏာဟာ ကိုယ်ဝန်ဆောင်အမျိုးသမီး တွေအတွက် အရမ်းအန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်ဖို့ ရှေ့ပြေးဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတွေ နဲ့ ခေါင်းကိုက်ခြင်းဝေဒနာအမျိုးအစားတွေကို သေသေချာချာ သိထားဖို့လိုပါတယ်။ ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ?
ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာဟာ ကိုယ်ဝန်ရဲ့ ဒုတိယသုံးလ နဲ့ တတိယသုံးလ ကာလမှာ ဖြစ်လာခဲ့ရင် မူမမှန်တဲ့ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် အသံတိတ်သတိပေးလိုက်တာဖြစ်ပြီး မိခင်ရောကလေးအတွက်ပါ အရမ်းအန္တရာယ်ရှိတဲ့အခြေအနေဖြစ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်း ၊ သွေးပေါင်ချိန်မြင့်တက်ခြင်း ၊ ကျောက်ကပ်နဲ့အသည်းပုံမှန်မဟုတ်ခြင်းများ ဖြစ်ဖို့ သေချာနေပါပြီ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ပါရာစီတမော လို အကိုက်အခဲပျောက်ဆေးတွေ သောက်သည့်တိုင် ပြင်းထန်စွာခေါင်းကိုက်ခြင်းခံစားနေရသေးတယ်ဆိုရင်တော့ နည်းလမ်းတကျ ကျန်းမာရေးစောင့် ရှောက်မှုတွေ ဆောင်ရွက်သင့်ပါပြီ။ အောက်ပါ ရောဂါလက္ခဏာရပ်တွေကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဘာဆေးမှမသောက်ချင်ကြတာ ထုံးစံပါ။ ဒါပေမယ့်လည်း ပါရာစီတမောအပါအဝင် ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုသက်သာစေတဲ့ သောက်ဆေး များ ရှိသလို ရေအေးဖတ်ကပ်ခြင်း ၊ ခေါင်းကိုနှိပ်နယ်ပေးခြင်း ၊ အနားယူခြင်း ၊ ငြိမ့်ညောင်းတဲ့ဂီတသံစဉ် များနားထောင်ခြင်း စတဲ့နည်းလမ်းတွေနဲ့လည်း သက်သာစေပါတယ်။ ပြင်းထန်တဲ့ဆေးဝါးများ သောက်သုံးခြင်းဟာ သားအိမ်ညှစ်ခြင်းဖြစ်စေကာ လမစေ့ဘဲမွေးဖွားခြင်း ၊ ပုံမှန်မဟုတ်တဲ့တခြား သောမီးဖွားမှုဆိုင်ရာပြဿနာများ ဖြစ်လာဖို့ ဦးတည်စေပါတယ်။
ခေါင်းကိုက်ခြင်းဟာ ကျားမ မရွေး ၊ အသက်အရွယ်မရွေး အနည်းနဲ့အများဖြစ်တတ်တဲ့ဝေဒနာပါ။ ဒါပေမယ့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကတော့ မခံမရပ်နိုင်တဲ့အထိ ဆိုးဆိုးရွားရွားကိုက်သလို မကြာခဏလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်ခြင်းအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်မလဲဆိုတာကို သဘောပေါက်ထားဖို့လိုပါတယ်။ ကိုယ့်ဘာကိုအန္တရာယ်မရှိအောင် ရောဂါရှာဖွေခြင်း နဲ့ ရောဂါလက္ခဏာတွေကို ဂရုစိုက်စောင့်ကြည့်ဖို့လိုသလို တစ်ဖက်မှာလည်း ခေါင်းကိုက်ခြင်းကို ဘယ်လိုကာကွယ်မလည်းဆိုတဲ့နည်းလမ်းတွေ သဘောပေါက်နားလည်ထားခြင်း ဟာ ကိုယ်ဝန်ဆောင်မိခင်တို့အတွက် လိုအပ်တဲ့စောင့်ရှောက်ကုသမှုရဖို့ အကောင်းဆုံးအခွင့်အရေး ဖြစ်သလို နာကျင်မှုဝေဒနာကိုလည်း ထိရောက်စွာဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်