မိခင်လောင်းမှာ သွေးတွင်းအချိုဓာတ် မြင့်တက်ခြင်းခြင်းဟာ ဝမ်းဗိုက်အတွင်းရှိ ကလေးငယ်ကိုပါ ထိခိုက် အန္တရာယ်ရှိနိုင်ပါတယ်။ အဆိုးဆုံးကတော့ ကလေးရဲ့ခန္ဓာကိုယ်ဟာ ပုံမှန်ထက်ကြီးနေခြင်းဖြစ်ပြီး ဒါဟာ မွေးဖွားရာမှာ အန္တရာယ်ရှိသောအခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ ပျက်ကျနိုင်ချေရှိခြင်း၊ အသေမွေးဖွားခြင်း စတဲ့ အခြေအနေမျိုးကိုလည်းကြုံတွေ့နိုင်ပါတယ်။ မွေးဖွားပြီး နောက်ပိုင်းမှာလည်း ကလေးငယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ကြုံတွေ့နိုင်ပါတယ်။ တခြား ဖြစ်နိုင်သေးတဲ့ အန္တရာယ်တွေကတော့ သွေးချိုကျခြင်း၊ အသားဝါခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ဘယ်လို လျှော့ချကြမလဲ။
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သွေးချို ပမာဏကို ထိန်းထားဖို့လိုအပ်ပါတယ်။ ကိုယ်ဝန် ၂၄-၂၈ ပတ်မှာဆိုရင် ဆီးချိုစစ်ဆေးခြင်းများကို ဆရာဝန်နဲ့ ပြုလုပ်ရမှာဖြစ်ပြီး အရေးကြီးတဲ့ကိုယ်ဝန်ဆောင်ကာလပိုင်းတွေမှာ ရက်ချိန်းကိုမကြာခဏသွားရပါမယ်။ ဒါမှ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ လိုအပ်တာတွေကို ဆရာဝန်က စစ်ဆေးချင့်ချိန်ပေးနိုင်မှာ ဖြစ်ပါတယ်။ သွေးစစ်တယ်ဆိုတာ သွေးထဲကသကြားဓာတ်ပမာဏကို စစ်ပေးတာဖြစ်ပြီး ဒီလို စစ်မှသာ လိုအပ်လာရင် ထိရောက်တဲ့ ကုသမှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိပြီဆိုရင် မေမေဖြစ်တော့မယ့်သူတွေအနေနဲ့ အစားအသောက်ကို ဆင်ခြင်ရပါမယ်။ ပုံမှန်ကျန်းမာရေးလေ့ကျင့်ခန်းများကို လုပ်ရပါမယ်။ အရေးကြီးဆုံးကတော့ ကျန်းမာရေးနှင့်သင့်တော်တဲ့ အစားသောက်ကောင်းတွေကို ရွေးချယ်စားသုံးတတ်ဖို့ပါပဲ။ အသားဓာတ် (ပရိုတိန်း) ပါတဲ့ အစားအစာ တွေကို ပိုမို စားသောက်သင့်ပါတယ်။ ဟင်းသီးဟင်းရွက်များ ပိုမို စားသုံးခြင်းဖြင့် ကာဗိုဟိုက်ဒရိတ် စားသုံးခြင်းကို လျှော့ချနိုင်ပါတယ်။ အချိုဓာတ်ကဲတဲ့ အသီးအနှံတွေကိုလည်း လျှော့စားသင့်ပါတယ်။ well-balanced body လို့ခေါ်တဲ့ မျှတတဲ့ ခန္ဓာကိုယ် ဖြစ်အောင် ထိန်းညှိထားဖို့အထူးဂရုစိုက်သင့်ပါတယ်။
ဒါပေမယ့် ဒီလို ထိန်းညှိထားတာတောင် အခြေအနေပိုဆိုးလာခဲ့ရင် ဆရာဝန်ဆီကို အမြန်သွားဖို့လို ပါတယ်။ ဆရာဝန်က ဆီးချိုထိန်းတဲ့ အင်ဆူလင် ဆိုတဲ့ ဆေးကို လိုအပ်သလို ထိုးပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ကြီးနဲ့ ဆီးချိုတွေတက်နေတယ်… ဆိုတာ မိခင်ရော ဗိုက်ထဲက ကလေးငယ်အတွက်ပါ အန္တရာယ်ရှိတာမို့ အထူးသတိထားသင့်သောအခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးကို ကောင်းစွာစောင့်ရှောက်ပေးခြင်းဖြင့် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကနေ လျှော့ချပေးနိုင်တာမို့လို့ “မိခင်ကလေး ကျန်းမာရေး ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဂရုစိုက်ပေး” လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
Photo Credit: be creator via Compfight cc