ဆရာဝန်တွေအနေနဲ့ ကုသရာမှာ ကင်ဆာအဆင့်အပေါ်မူတည်ပြီး ကိုယ်ခံစွမ်းအာမြှင့်ကုထုံး (Immunotherapy) တစ်ခုတည်းကို အသုံးပြုသလို တခြားသောကင်ဆာဆေးတွေနဲ့လည်း ပေါင်းစပ်ပြီးကုသကြပါတယ်။
စစ်တမ်းတွေအရ ကိုယ်ခံစွမ်းအားမြှင့်ကုထုံး(Immunotherapy) မရရှိခင်က Melanoma အရေပြား ကင်ဆာရောဂါသည်တွေရဲ့ (၃)နှစ်ဆက်လက်အသက်ရှင်သန်မှုနှုန်းဟာ ပျမ်းမျှ (၅)ရာခိုင်နှုန်းပဲရှိခဲ့ပေမယ့် ကိုယ်ခံစွမ်းအားမြှင့်ကုထုံး တွင်ကျယ်လာချိန်မှာ (၄၂) ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါတယ်။ အောင်မြင်မှုတစ်ခုအနေနဲ့ Melanoma အရေပြားကင်ဆာ အဆင့်(၄) ရောက်ရှိနေပြီး ကင်ဆာဆဲလ်တွေ အဆုတ် ၊ အသည်းနဲ့ အရိုးထဲထိ ပျံ့နှံ့နေတဲ့ လူနာဟာ ကိုယ်ခံစွမ်းအားမြှင့်ကုထုံးနဲ့ တစ်နှစ်ခွဲလောက်ကုသခဲ့ရာမှာ ကင်ဆာပျောက်ကင်းခဲ့ပါတယ်။ အဲဒီလူနာဟာဘေးထွက်ဆိုးကျိုးခံစားခဲ့ရပေမယ့် အရင်ထက်နည်းသွားခဲ့ပြီး သူ့ရဲ့ ပုံမှန်နေထိုင်မှု ဘဝကို ပြန်ရခဲ့ပါတယ်။
အခြားတူညီတဲ့ ဖြစ်စဉ်တစ်ခုကတော့ ကိုယ်ခံစွမ်းအားမြှင့်ကုထုံး(Immunotherapy)နဲ့ ကုသပြီးနောက် အဆုတ်ကင်ဆာခံစားနေရတဲ့လူနာများရဲ့ (၅)နှစ်အသက်ဆက်ရှင်မှုနှုန်း မြင့်တက်လာမှုဟာ (၆) ရာခိုင်နှုန်းကနေ (၁၅)ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကင်ဆာ ရောဂါသည် တစ်ဦးဟာလည်း ကိုယ်ခံစွမ်းအားမြှင့်ကုထုံးနဲ့ တစ်နှစ်နီးပါးကုသပြီးနောက်မှာ ရောဂါပျောက်ကင်းခဲ့ ပါတယ်။ ဒါကြောင့် ကိုယ်ခံစွမ်းအားမြှင့်ကုထုံး(Immunotherapy) ကို ထိရောက်တဲ့ ကင်ဆာကုသမှု တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားကြတာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ကိုယ်ခံစွမ်းအားမြှင့်ကင်ဆာကုထုံး(Cancer Immunotherapy) ဟာ ကင်ဆာရောဂါသည်များရဲ့ နေ့စဉ်နေထိုင်မှုဘဝကို သိသိသာသာပြောင်းလဲပေးနိုင်တယ်ဆိုတာ အသေအချာပါပဲ။ ဒီ ကုထုံးဟာ ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ထိထိရောက်ရောက် ကုသပေးနိုင်တာ ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူနာတစ်ဦးချင်းစီအတွက် ကင်ဆာကုသမှုပုံစံတွေ ဟာ အရမ်းကို အသေးစိတ်ကျပါတယ်။ ဒါကြောင့် လူနာများအနေဟာ ဆရာဝန်နဲ့တိုင်ပင်ပြီး အသေးစိတ် ကျန်းမာရေးစစ်ဆေးမှုများတိတိကျကျပြုလုပ်မှသာ တစ်ဦးချင်းရဲ့လိုအပ်ချက်များအပေါ် လိုက်ပြီး ဆရာဝန်များက အကောင်းဆုံးကုသမှုနည်းလမ်းကို ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။