“ ဆီးချိုရောဂါ “ ရှိသူဦးရေဟာ လွန်ခဲ့တဲ့ (၁၀)နှစ်ကာလတုန်းကနဲ့ယှဉ်ရင် နှစ်ဆ မြင့်တက်လာခဲ့ပါတယ်။ တချို့ကလည်း ဒါဟာ ပိုမိုကောင်းမွန်တဲ့ စစ်ဆေးမှု နည်းလမ်းများကြောင့်လို့ ဆိုကြပြန်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ လူသားတွေ အတွက် ပိုပြီးအသက်ရှည်ရှည် နေထိုင်နိုင်ဖို့ အစိတ်အပိုင်းတစ်ခုဆိုတာ ငြင်းလို့မရပါ ဘူး။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ယိုယွင်းလာပြီး ဆီးချိုရောဂါဖြစ်နိုင်တဲ့အခွင့်အလမ်းဟာလည်း ပိုမိုမြင့်မားလာပါတယ်။ ဒါပေမယ့် ဒီနေ့ ခေတ်မှာ ပိုပြီးစိုးရိမ်စရာကောင်းတာကတော့ ဆီးချိုရောဂါဟာ အသက် (၃၀) ကျော် အရွယ်လိုမျိုး လူငယ်ပိုင်းတွေမှာပိုပြီးအဖြစ်များလာတာကို တွေ့ရှိခဲ့ရပါတယ်။
အသက်ငယ်ရွယ်စဉ်ကတည်းက ဆီးချိုရောဂါခံစားရသူဟာ တစ်ဘဝလုံး ဒီရောဂါနဲ့ အတူ ယှဉ်တွဲနေထိုင်ရမှာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အသက် (၃၀) မှာ ဆီးချို စတင်ဖြစ်ပွားပြီး အသက် (၈၀) အထိ နေထိုင်နိုင်တယ်ဆိုပါစို့ ။ ဒါဆိုရင် သူ့ရဲ့ သက်တမ်း တစ်ဝက်ကျော် နှစ်ပေါင်း (၅၀) ကို ဆီးချိုရောဂါနဲ့ အတူ ဒွန်တွဲနေထိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ရောဂါပြဿနာတွေကိုလည်း မသွေမုချ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ဆီးချိုရောဂါကို (၁၀) နှစ်ကြာခံစားခဲ့ပြီးတဲ့ လူတစ်ယောက်ဟာ နှလုံးရောဂါ ၊ သွေးတိုးရောဂါ ၊ သွေးတွင်းအဆီဓာတ်များခြင်း ၊ ကျောက်ကပ်ရောဂါ စသဖြင့်ကျန်းမာရေးပြဿနာတွေကို တခြားသူတွေထက် ပိုပြီးခံစားရနိုင်ပါတယ်။
ဆီးချိုရောဂါရဲ့ အဓိကအကြောင်းအရင်းကတော့ မိဘတွေဆီကနေ မျိုးရိုးလိုက်ပြီး ပါလာတတ်တာပဲဖြစ်ပါတယ်။ ကိန်းဂဏန်းအချက်အလက်များအရ ဆီးချိုရောဂါရှိသူ တစ်ဝက်လောက်ဟာ မိသားစုမှာလည်း မျိုးရိုးဗီဇအရဖြစ်တဲ့ ဆီးချိုရောဂါကို ခံစားရတယ်လို့ဆိုပါတယ်။ တကယ်လို့ မိခင် (သို့) ဖခင်မှာဆီးချိုရောဂါရှိတယ်ဆိုရင် တခြားသူများထက်စာရင် ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုပြီးများပြားပါတယ်။ မိခင်နဲ့ ဖခင် နှစ်ယောက်စလုံးမှာ ဆီးချိုရောဂါရှိတယ်ဆိုရင်တော့ မွေးလာတဲ့သားသမီးမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေဟာ နှစ်ဆ အထိ မြင့်တက်နိုင်ပါတယ်။ ရောဂါစတင်ဖြစ်ပွားမှု နှေးခြင်း မြန်ခြင်းဆိုတာကတော့ ဘာစားရမလဲ ၊ ဘာလေ့ကျင့်ခန်းလုပ်ရမလဲ ၊ နေထိုင်မှုပုံစံကိုဘယ်လိုပြောင်းလဲရမလဲ စတဲ့ အချက်များ အပေါ်မှာအများကြီးမူတည်ပါတယ်။ ဆီးချိုရောဂါဟာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်တတ်တာကြောင့် ကိုယ့်မှာ ဆီးချို မရှိဘူးဆိုရင်တောင် မအီမသာဖြစ်စေတဲ့ လက္ခဏာတွေပြသတဲ့အချိန်အထိ စောင့်နေမယ့် အစား ဆရာဝန်နဲ့ ကြိုတင်ပြသ သင့်ပါတယ်။ တကယ်လို့သင်ဟာ မကြာခဏရေဆာခြင်း ၊ လည်ချောင်းခြောက်ခြင်း ၊ ကောင်းစွာ စားသောက်နိုင်သည့်တိုင်အောင် ကိုယ်အလေးချိန်ကျဆင်းခြင်း စတဲ့ လက္ခဏာတွေ ရှိနေတယ်ဆိုရင် သင့်မှာ ဆီးချိုရောဂါ ရှိနေနှင့်ပြီးဖြစ်ပါတယ်။ အနည်းဆုံး ပြီးခဲ့တဲ့ (၅)နှစ် (၁၀) နှစ်အတွင်း သင့်ရဲ့ကျန်းမာရေးရာဇဝင်ကို ပြန်ကြည့်မယ်ဆိုရင်လည်း သွေးတွင်းသကြားဓာတ်ဟာ တရိပ်ရိပ် တက်လာတာကို မြင်တွေ့ရမှာပါ ။ အဲဒီ သွေးတွင်းသကြားဓာတ်တွေဟာ ဆက်လက်မြင့်တက်နေပြီဆိုရင်တော့ သေချာပါတယ် ဒါဟာဆီးချိုရောဂါဖြစ်နေပါပြီ။ တခြားတစ်ဖက်မှာလည်း အဲဒီအချိန်က စသိခဲ့လို့ သွေးတွင်းသကြားဓာတ်ကို ချင့်ချိန်ထိန်းသိမ်းခဲ့မယ်ဆိုရင် ရောဂါဟာ ကြီးထွားလာစရာ အကြောင်းမရှိပါဘူး။
ဆီးချိုရောဂါကို ဂရုတစိုက်အလေးထားကုသခြင်းဟာ နောက်ဆုံးအားကိုးအားထားပြုရာ နည်းလမ်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အသက်အရွယ်ကြီးရင့်လာမှုကို ဟန့်တားလို့ မရနိုင်သလို မျိုးရိုးဗီဇ ဆိုတာကိုလည်း ပြောင်းလဲပစ်လိုက်လို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်ကိုတော့ပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ ဆီးချိုရောဂါကို ကနဦးအဆင့်မှာ ရှောဂါရှာဖွေတွေ့ရှိတယ် ၊ သွေးတွင်းသကြားဓာတ် မြင့်မားမှုရှိ မရှိ သိရှိမယ် ၊ အလျှင်အမြန်လုပ်ဆောင်လိုက်နာမယ် ဆိုရင် ကောင်းစွာ ထိန်းသိမ်းနိုင်မှာဖြစ်ပြီး ပိုမိုကြီးထွားလာတဲ့ရောဂါအခြေအနေကနေဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
“ ဆီးချိုရောဂါကိုထိန်းသိမ်းခြင်း (Controlling Diabetes) ” ဆိုတဲ့ ဝေါဟာရဟာ ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ ကျွန်တော်တို့ရဲ့ စားသောက်မှုအမူအကျင့်များနဲ့ နေထိုင်မှုပုံစံ များအပေါ်မူတည်ပြီး ထိန်းသိမ်းနိုင်ပါတယ်။ ဆီးချိုရောဂါသည်တွေဟာ အစားအသောက် အကုန်နီးပါးကို စားလို့မရဘူးလို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဆီးချိုရောဂါသည်ဟာ အကုန်လုံးစားလို့ရပြီး အယုတ်ဆွဆုံး ဒူးရင်းသီး တောင်စားလို့ရပါတယ်။ သိထားရမှာက ဆီးချိုရောဂါသည်များဟာ အကုန်စားလို့ရပြီး သာမန်ရောဂါမရှိသူတွေစားသလိုပုံစံမျိုးသာ စားလို့မရတာဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူများအနေနဲ့ အစားအစာတွေကိုဘယ်လောက်စားလိုက်မိလဲ ၊ ဆန်နဲ့ ဂျုံ ကဲ့သို့ အစားအစာမျိုးတွေကို ဘယ်လိုချင့်ချိန်စားသင့်သလဲ ၊ ခန္ဓာကိုယ်က လိုအပ်တဲ့ သစ်သီး ဟင်းသီးဟင်းရွက်နဲ့ အသား စတာတွေကို ပိုပြီးစားသုံးသင့်သလဲ ဆိုတာကို ဂရုတစိုက်နဲ့ စောင့်ကြည့်နေဖို့လိုပါတယ်။ ဆီးချိုရောဂါမရှိသေးသူတွေအနေနဲ့လည်း ဒီနည်းလမ်းအတိုင်းချင့်ချိန်စားသုံးပြီး ဆီးချိုဖြစ်မလာအောင် ကိုယ့်ကိုယ်ကို ကာကွယ် နိုင်ပါတယ်။ ဆီးချိုရောဂါရှိပြီးသူတွေကတော့ နောင်တစ်ချိန်ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
ဆီးချိုရောဂါဟာ ပျောက်ကင်းကုသနိုင်တဲ့ရောဂါမဟုတ်ပါဘူး။ ခွဲစိတ်ကုသမှု အဆင့်အထိစောင့်ဖို့မလိုအပ်တဲ့ရောဂါဖြစ်ပေမယ့်လည်း သေချာနားလည် သဘောပေါက်ထားသင့်တဲ့ရောဂါဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ဆီးချိုဟာ ဆရာဝန် နဲ့ပြသဆွေးနွေးမှုတစ်ခုတည်းအပေါ်ကို မူတည်နေတာမဟုတ်ဘဲ ဆီးချိုရောဂါရှိသူတွေ ကိုယ်တိုင်အပေါ်ကိုလည်း မူတည်နေပါတယ်။ ဆီးချိုရောဂါရှိသူတွေအတွက် ဆရာဝန်များမှ လူနာကိုယ်တိုင်ဘယ်လိုမျိုးဂရုစိုက်ရမလဲ ၊ စားသောက်မှုပုံစံကို ဘယ်လို ထိန်းသိမ်းရမလဲ ၊ အစားအစာဝယ်တဲ့အချိန် Lable မှာဖော်ပြထားတဲ့ ကယ်လိုရီပမာဏနဲ့ သကြားဓာတ်ပါဝင်မှုကိုဘယ်လို စစ်ဆေးရမလဲ ၊ ဘယ်လောက်ပမာဏစားသုံးရမလဲ စတာတွေနဲ့ပတ်သက်ပြီး သင်ကြားလမ်းညွှန်မှုတွေ ရှိနေပြီဖြစ်ပါတယ်။
ဆီးချိုရောဂါရှိသူတွေအတွက် အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ကိုယ့်ရဲ့ သွေးတွင်း သကြားဓာတ်ပမာဏကို ကိုယ်တိုင်ကောင်းစွာသိရှိပြီး အိမ်မှာကိုယ်တိုင် သွေးဖောက်စစ်ဆေးဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေဟာ ကိုယ့်ရဲ့ သွေးတွင်းသကြား ဓာတ်ကို ပိုမိုကောင်းမွန်စွာ ထိန်းထားနိုင်အောင် ကူညီပေးပါတယ်။ ဥပမာ - သွေးတွင်းသကြားဓာတ်ကိုမြင့်မားစေတဲ့ အစားအစာတစ်နပ်ကိုစားမိလိုက်ပြီဆိုရင် နောက်ထပ်စားမယ့်တစ်နပ်မှာ လျှော့စားမလား အပြောင်းအလဲလုပ်ပြီးစားမလား ဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒူးရင်းသီးကြိုက်တဲ့လူနာတစ်ယောက်အတွက် ပထမတစ်နပ်မှာ တစ်လုံးလုံးကို စားလိုက်မိတယ်ဆိုရင် သွေးဖောက်စစ်ဆေးခြင်းကနေ သွေးတွင်းသကြားဓာတ်ဘယ်လောက်ရှိလဲဆိုတဲ့ ရလဒ်ကို သိနိုင်ပါတယ်။ ဒါဆိုရင် ဒုတိယတစ်နပ်မှာ လျှော့ချပြီး (၃)မြွှာလောက်ပဲစားမယ်ဆိုရင် သွေးတွင်းသကြားဓာတ် လျော့ကျသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ လုံးဝ အန္တရာယ် ကင်းသွားတာတော့မဟုတ်ပါဘူး။ တတိယ တစ်နပ်မှာပိုလျှော့စားပြီး တစ်မြွှာလောက်ပဲ စာမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ဟာ လုံလောက်တဲ့ပမာဏတစ်ခုမှာ ရှိနေမှာဖြစ်ပါတယ်။ ဒါဆိုရင် လူနာအနေနဲ့ ဒူးရင်းသီးစားလို့ရတယ်ဆိုပေမယ့် တစ်ကြိမ်ကို တစ်မြွှာလောက် သာ စားသင့်တယ်ဆိုတာကို သဘောပေါက်သွားမှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ သူဟာ သူကြိုက်တဲ့ အစားအစာတစ်ခုကို ရှောင်နေစရာမလိုဘဲ ပိုမိုပျော်ရွှင်စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိနေတယ်ဆိုတာဟာ ဘာမှစားလို့မရဘူးလို့ ပြောလို့မရပါဘူး။ ဘေးကင်းအောင် ဘယ်လောက်ပမာဏစားလို့ရတယ်ဆိုတာကို သိထားရမှာဖြစ်ပါတယ်။
ဆီးချိုရောဂါရှိသူများအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ကိုယ့်အိမ်မှာပဲ ဂရုတစိုက် တိုင်းတာစစ်ဆေးလို့ရသည့်တိုင်အောင် (၄)လတစ်ခါ - (၆)လတစ်ခါ ဆရာဝန်နဲ့ ပြသ ဆွေးနွေးသင့်ပါတယ်။ ဒါမှသာ အမြင်လွှာချို့ယွင်းမှုရောဂါ ၊ သွေးတိုးရောဂါ ၊ နှလုံးရောဂါ ၊ လေဖြတ်ခြင်း စတဲ့နောက်ဆက်တွဲ ရောဂါတွေကို ကြိုတင်စစ်ဆေး နိုင်မှာဖြစ်ပါတယ်။ နောက်ဆက်တွဲရောဂါတွေအတွက် ဆရာဝန်နဲ့ စောစီးစွာပြတိုင်ပင်ခြင်းဟာ ပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ဆက်တွဲရောဂါ တွေ စဖြစ်ပြီဆိုရင် အမြဲတမ်းဖြစ်ပွားနိုင်လို့ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆီးချိုကြောင့် မျက်စိကိုထိခိုက်စေပြီး အမြင်အာရုံကွယ်သွားတဲ့အခြေအနေမှာ သွေးတွင်းသကြား ဓာတ်ဟာ ပုံမှန်အနေအထားပြန်ရှိနေနိုင်ပါတယ်။ ဒါပေမယ့် အမြင်အာရုံကတော့ ဆုံးရှုံးသွားပါပြီ။ ဒါပေမယ့် ဒီနောက်ဆက်တွဲပြဿနာကို စစ်ဆေးပြီး အလျှင်အမြန် အတွင်း ရှာဖွေတွေ့ရှိတယ်ဆိုရင် ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။ ဥပမာ - ဆီးချိုကြောင့် မျက်စိထိခိုက်တဲ့အခြေအနေမျိုးဆိုရင် အမြင်အာရုံမကွယ်ခင် လေဆာကုသမှုကို လုပ်ဆောင်နိုင်ပါတယ်။
ဆရာဝန်ဆီမှအကြုံလမ်းညွှန်အားပေးစကားသံများ -
“ ဆီးချိုလူနာများ အထူးသဖြင့် သက်ကြီးပိုင်းလူနာများဟာ အားပေးစကားလိုအပ် ပါတယ်။ တချို့လူတွေဟာ ဆီးချိုရောဂါရှိပြီဆိုရင် စိတ်ဓာတ်ကျဆင်းလာပြီး အဆိုး မြင်လေ့ရှိပါတယ်။ ငါတော့မျက်စိကွယ်တော့မယ် ၊ ငါတော့ခြေထောက်ဖြတ်ရတော့ မယ် ၊ ငါမပျော်နိုင်တော့ဘူး ၊ ငါ ဘာမှစားနိုင်မှာမဟုတ်တော့ဘူး ၊ ကုသစားရိတ်က လည်း အရမ်းများမှာ ဆိုတဲ့ အတွေးမျိုးတွေ လျှောက်ပြီးစဉ်းစားပါတော့တယ်။ တကယ် တမ်းမှာ ဆီးချိုရောဂါဟာ ထင်သလောက် ကြောက်စရာမကောင်းပါဘူး။ ဆီးချိုရဲ့ သဘောသဘာဝကို ကောင်းစွာနားလည်သဘောပေါက်တယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဘဝကို ပြီးပြည့်စုံအောင် နေထိုင်ဖြတ်သန်းနိုင်ပါသေးတယ်။ “
“ ဆီးချိုဆိုတာဟာ ခန္ဓာကိုယ်ကျန်းမာရေးရဲ့ သဘာဝအတိုင်း ယိုယွင်းမှုတစ်ခုမျှသာ လို့ သတ်မှတ်ဖို့ ၊ ဒါဟာရောဂါတစ်ခုမဟုတ်ဘူးဆိုပေမယ့် ရောဂါဖြစ်လာနိုင်ခြေရှိတယ်လို့ မြင်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသက်ရှည်စွာ နေထိုင်မယ်ဆိုရင် ခန္ဓာကိုယ်ယိုယွင်းမှုအရ ဆီးချိုရောဂါဖြစ်လာနိုင်ခြေရှိတာကို လည်း လက်ခံနိုင်ရပါမယ်။”
“ ဆီးချိုရောဂါနဲ့ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ဘာတွေသင်ယူထားရမလဲဆိုတာကို သိထားရပါမယ်။ ဆေးသောက်ရတာမျိုး ၊ ဆေးထိုးရတာမျိုး ရှိနိုင်ပေမယ့်လည်း ဆီးချိုကို ကောင်းစွာထိန်းချုပ်နိုင်မယ်ဆိုရင် အတူတကွပျော်ရွှင်စွာ ယှဉ်တွဲနေထိုင် နိုင်မှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ဆီးချိုရောဂါကို ကနဦးအဆင့်မှာ အတည်ပြု သတ်မှတ်နိုင်ဖို့နဲ့ ရောဂါတွေ့ရင် စတင် ထိန်းသိမ်းနိုင်ဖို့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့ဖြစ်ပါတယ်။ ဒီအချက်တွေကို လိုက်နာဆောင်ရွက် ရုံနဲ့ ကျွန်တော်တို့ဟာ ဆီးချိုရောဂါနဲ့ အတူယှဉ်တွဲနေထိုင်နိုင်မှာဖြစ်ပါတယ်။ “
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်