အပြင်ဘက်မှာမမြင်နိုင်တဲ့သွေးကြောလေးများဖောင်းလာခြင်းကြောင့်ဖြစ်တဲ့ အတွင်းလိပ်ခေါင်းဟာ အစာဟောင်းအိမ်(Rectum)ထဲ မှာဖြစ်တတ်ပြီး လက်နဲ့စမ်းသပ်လို့ မရတာကြောင့် ရောဂါစစ်ဆေးဖို့အတွက် အူမကြီးမှန်ပြောင်းကြည့်(Colonoscopy) ဖို့ လိုအပ်ပါတယ်။ အဆိုပါလိပ်ခေါင်းရောဂါကို အရွယ်အစား အသေးဆုံးမှ အကြီးဆုံး အပေါ်မူတည်ပြီး အဆင့် (၄)ဆင့် ထပ်မံခွဲခြားနိုင်ပါတယ်။
အဆင့်(၁) - အဆိုပါလိပ်ခေါင်းများဟာ သေးငယ်ပြီး ဝမ်းသွားနေစဉ်နဲ့ ဝမ်းသွားပြီးနောက်ပိုင်းသွေးထွက်တတ်ပေမယ့် အစာဟောင်းအိမ်ထဲမှ စအိုအပြင်ဘက်ကို ပြူးထွက်လာ ခြင်းမရှိပါဘူး။
အဆင့်(၂) - အဆိုပါလိပ်ခေါင်းများဟာ ဝမ်းသွားနေစဉ်အတွင်း စအိုအပြင်ဘက်ကို ပြူးထွက်လာကာ ဝမ်းသွားပြီးတဲ့အခါ ကြွက်သားများကျုံ့သွားတာ ကြောင့် ၎င်းရဲ့ မူလပုံစံပြန်ဖြစ်သွားပါတယ်။ ဒီအခြေအနေဟာ မကြာခဏသွေးထွက်စေပြီး ထွက်လာတဲ့ မစင်ဟာလည်း အနီရင့်ရောင် ရှိပါတယ်။
အဆင့်(၃) - ဒီအခြေအနေမှာရှိတဲ့လိပ်ခေါင်းများဟာ ကြီးမားပြီး ဝမ်းသွားနေစဉ် စအိုအပြင်ဘက်ကို ပြူးထွက်လာပါတယ်။ ပြီးတဲ့အခါမှာ လူနာက ပြန်မတွန်းတင် ပေးနိုင်ရင် မူလ ပုံစံအတိုင်း ပြန်မဖြစ်နိုင်ဘဲ လိပ်ခေါင်းကအပြင်ဘက်မှာတွဲလောင်းကျနေပါတယ်။ ဒီအခြေအနေဟာ မကြာခဏသွေးထွက်ခြင်းကိုဖြစ်စေပြီး စအိုကျိန်းစပ်တဲ့ဝေဒနာကို ခံစားရစေပါတယ်။
အဆင့်(၄) - ဒီအဆင့်ရောက်ရင် လိပ်ခေါင်းဟာ အတော်လေးကြီးမားပြီး စအိုကနေ တစ်ချိန်လုံးပြူးထွက်နေကာ ဘာနဲ့မှမတူနဲ့ ပြင်းပြင်းထန်ထန်နာကျင်မှု ဖြစ်နိုင်လို့ ရောဂါခံစားရသူရဲ့ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေပါတယ်။