၁ ။ ဖြောင့်ဖြောင့်တန်းတန်းရှိနေတဲ့ ကျောရိုးဟာ တစ်ချိန်မှာ ကွေးညွတ်သွားတတ်ပါတယ်။ ဘာလို့ဖြစ်လဲ ဆိုတာ တိတိကျကျ မသိရပါဘူး။ အာရုံကြောအဖွဲ့အစည်း ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်းများနဲ့ ဆက်နွယ်နေနိုင်ပြီး ယင်း ဟော်မုန်းများ က ကျောရိုးကို ကွေးညွတ်သွားစေတာ ဖြစ်နိုင်ပါတယ်။ ကျောရိုးပုံမမှန်မှုရောဂါရဲ့ (၈၀) ရာခိုင်နှုန်းနီးပါးလောက်ဟာ ဒီလို အခြေအနေတွေဖြစ်ပါတယ်။ ဒါကိုထပ်ပြီးတော့ အသက်အရွယ်လိုက်ပြီး အုပ်စု(၃)ခု ခွဲခြားနိုင်ပါတယ်။
- မွေးကင်းစမှ အသက်တစ်နှစ် - ကလေးငယ်များဟာ ဒီအရွယ်မှာ မတ်တပ်စရပ်ပြီး လမ်းစ လျှောက် ခြင်း အခြေနေများကြောင့် ဖြစ်တတ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးလာတာနဲ့အမျှ ဒီအရွယ် ကလေးငယ်များရဲ့ (၉၀) ရာခိုင်နှုန်းဟာ ကိုယ်တိုင် ဖြေရှင်းနိုင်ပါတယ်။
- အသက်(၃)နှစ်မှ (၁၀) နှစ်အရွယ် - ဒီအသက်အရွယ်မှာ လူနာအရေအတွက်ဟာ ပိုများလာပါပြီ။ တကယ်လို့ ကွေးညွတ်သွားတဲ့ကျောရိုးဟာ ပိုမိုပြင်းထန်လာပြီး မကုသဘဲ ထားလိုက်မယ်ဆိုရင် ဒီကလေးငယ်တွေဟာ ရေရှည်မှာ ပြဿနာ ကြီးလာနိုင်ပါတယ်။
- အသက်(၁၀)နှစ်မှ (၁၈) နှစ် - ကျောရိုးပုံမမှန်မှုရောဂါဟာ ဆယ်ကျော်သက်အရွယ် မှာ အများဆုံး ဖြစ်တတ်ပါတယ်။ မပြင်းထန်တဲ့ကျောရိုးပုံမမှန်မှုရောဂါဟာ ကုသဖို့ မလိုပါဘူး။ ကွေးသွားတဲ့ ကျောရိုးဟာ ပိုမိုသိသာလာသလို ပုံမမှန်ခြင်းများမှတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို ယိုယွင်း စေတာကြောင့် ဆရာဝန်နဲ့ အကြိမ်ကြိမ်စစ်ဆေးဖို့ အကြံပေးချင်ပါ တယ်။ ကျောရိုးစောင်းနေတဲ့ အနေအထားဒီဂရီကို ဆရာဝန်က တိုင်းတာပါလိမ့်မယ်။ အသက် (၁၅)နှစ်အောက် အရွယ် တွေမှာကျောရိုးကွေးညွတ်ခြင်းဟာ (၃၀) ဒီဂရီကနေ (၄၀) ဒီဂရီကြား ရှိနေမယ်ဆိုရင် ကွေးညွတ်ခြင်းကနေ ပြန်လည် တိုးတက်လာဖို့ ကျောထိန်းခါးပတ် (Scoliosis Brace) ဝတ်ဆင်ဖို့ ဆရာဝန်က အကြံပြုပါလိမ့် မယ်။ ဒါပေမယ့် ကျောရိုးကွေးခြင်း အနအထား ပိုဆိုးလာမယ်ဆိုရင် ခွဲစိတ်မှုကုသမှု ပြုလုပ်ရမှာဖြစ်ပါတယ်။ ယင်း ခွဲစိတ်မှု အတွင်း ကျောရိုး ဘက်ညီအောင် သတ္တု အစားထိုးထည့်သွင်းခြင်း (Metal Implants) လည်း ပါဝင်မှာဖြစ်ပါတယ်။
၂ ။ မွေးရာပါ ကျောရိုးပုံမမှန်မှု ကတော့ တိကျတဲ့ အကြောင်းအရင်းမရှိပါဘူး။ ကိုယ်ဝန်ဆောင်စဉ်ကာလ အတွင်း မိခင် သောက်ရတဲ့ ဆေးဝါးများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ကျောရိုးဖွံ့ဖြိုးမှု ဟန်ချက် မညီခြင်းဖြစ်နိုင်ပြီး အရိုးပုံမှန်မဟုတ်ခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒီလိုအမျိုးအစားထဲမှာပါတဲ့ ကျောရိုး ကွေးညွတ်ခြင်းဟာ ပိုဆိုးနိုင်ပြီး သေချာဂရုစိုက်စစ်ဆေးကုသဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ပိုမို ဆိုးရွားလာ မယ်ဆိုရင်တော့ သွက်ချာပါဒ(Paralysis) အထိ ဖြစ်နိုင်ပါတယ်။
၃ ။ ကလေးတွေကြီးထွားဖွံ့ဖြိုးလာတဲ့အချိန်မှာ အာရုံကြော (သို့မဟုတ်) ဦးနှောက်မူမမှန်ခြင်း ၊ ဦးနှောက်ထိခိုက်မှုကြောင့်ကြွက်သား လုပ်ဆောင်မှုပျက်စီးခြင်း ၊ ပိုလီယိုရောဂါ ၊ ကြွက်သားမူမမှန်ခြင်း တို့လို ကြွက်သားအဖွဲ့အစည်း မူမမှန်ခြင်း များကြောင့်လည်း ကျောရိုးပုံမှန်မဟုတ်မှု အခြေအနေ ဖြစ်တတ်ပါတယ်။
၄ ။ အာရုံကြောပေါ်မှအကျိတ်များကြီးထွားခြင်း(Neurofibromatosis) အခြေအနေခံစားနေရသူ (၃၀) ရာခိုင်နှုန်းလောက်ဟာ ကျောရိုးပုံမမှန်မှု ဖြစ်လေ့ရှိပြီး ခန္ဓာကိုယ်ပေါ်မှာ အဖုအပိန့်များထွက်လာခြင်းနဲ့ အညိုရောင် အစက်အပြောက်တွေ ထွက်လာတတ်ပါတယ်။
တကယ်လို့ ကလေးငယ်တွေမှာ ကျောရိုးပုံမမှန်မှု ဖြစ်ဖို့အလားအလာ လက္ခဏာ ရှိတယ်ဆိုရင် မိဘတွေအနေနဲ့ စစ်ဆေးလို့ရပါတယ်။ စစ်ဆေးမယ်ဆိုရင် ကလေးကို တည့်တည့်မတ်မတ် ရပ်ခိုင်းပြီး ကျောရိုး ကွေးညွတ်မှု ရှိ မရှိ စစ်ဆေးဖို့လိုပါမယ်။ ပြီးရင် ကလေးရဲ့ ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်း ခိုင်းပြီး ကြမ်းပြင်နဲ့ လက်ကိုထိစေကာ ကျောရိုး ကွေးညွတ်မှု ရှိမရှိ စမ်းသပ် ရပါမယ်။ ကျောရိုးက ဖြောင့်ဖြောင့်တန်းတန်းပဲ ရှိနေပုံပေါ်ရင် ဘာပြဿနာ မှ မရှိပါဘူး။ မိဘတွေအနေနဲ့ ရောဂါရှာဖွေဖို့အတွက် ဆေးဘက်ဆိုင်ရာ နည်းလမ်းတွေအရ ဂရုစိုက်ဖို့ လိုအပ် ပြီး ရောဂါလက္ခဏာတွေ အချိန်နှောင်းမှ ပို မဆိုးလာအောင် အောက်ပါလက္ခဏာတွေ ရှိနေပြီ ဆိုရင် သေချာ လုပ်ဆောင်ရပါမယ်။
- ကျောရိုးမှာ တစ်နေရာရာကွေးညွတ်နေတဲ့အခြေအနေ ။
- ပုခုံးအနိမ့်အမြင့်မညီခြင်း ( လက်မောင်းအနောက်ရှိသုံးထောင့်ပုံ အရိုး ဟာ တခြားတစ်ဖက် ထက် ငေါထွက်နေခြင်း) ။
- ဦးခေါင်းဟာ တင်ပါးဆုံရိုးနဲ့ အလယ်တည့်တည့်မကျခြင်း အခြေအနေ ။
- တင်ပါးတစ်ဖက်ဟာ တခြားတစ်ဖက်ထက် ပိုမြင့်နေတဲ့အခြေအနေ ။
- နံရိုးများမညီခြင်း ။
- ခါးအရစ်ကြောင်းညီညာမှုမရှိခြင်း ။
- ခန္ဓာကိုယ်ပေါ်ရှိ အရေပြားအခြေအနေများ တစ်ဘက်နှင့် တစ်ဘက်မတူခြင်း ( ဥပမာ - ချိုင့်ခွက် ကလေးများ ၊ အမွှေးအမျှင်အကွက်များ ၊ ပုံမှန်မဟုတ်သောအရောင်များ ) ။
- ခန္ဓာကိုယ်တစ်ခုလုံး တစ်ဘက်သို့ ယိုင်စောင်းနေခြင်း။
ဆယ်ကျော်သက်အရွယ်မှာဖြစ်တဲ့ ကျောရိုးပုံမမှန်မှုကို မကုသဘဲ ထားလိုက်မယ်ဆိုရင် ပိုဆိုးလာပြီး ခန္ဓာကိုယ်စောင်းခြင်း ၊ ပုခုံးနိမ့်ကျခြင်း ၊ ခါးစောင်းနေခြင်း ၊ ခန္ဓာကိုယ်မသန်မစွမ်းဖြစ်ခြင်း ၊ ကျောအောင့်ခြင်း ၊ အသက်ရှူရန်ခက်ခဲခြင်း ၊ အမောဆို့ခြင်း ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ ၊ အဆုတ်ထဲပိုးဝင်ခြင်း ၊ နှလုံးအလုပ်ပိုများစေပြီး နှလုံး အလုပ်မလုပ်နိုင်သည်အထိဖြစ်ခြင်း စတဲ့ သိသိသာသာကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။