သွား ဘာလို့ကြိတ်တာလဲဆိုတာ သွားဆရာဝန်တွေတောင် မဖော်ထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် သေချာတဲ့ အကဲဖြတ်ဆန်းစစ်မှုတွေလုပ်ပြီးတဲ့အခါမှာတော့ ဖြစ်နိုင်ချေရှိတဲ့ အချက်လေးတွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
- စိတ်ပိုင်း/ စိတ်ခံစားမှုများ – ကလေးတွေမှာလည်း စိုးရိမ်တာတို့၊ စိတ်ဖိစီးတာတို့၊ တစ်ခုခုကို ကြောက်နေတာတို့ ရှိတတ်ပါတယ်။
- သွားကြိတ်တဲ့အကျင့်ဟာ မျိုးရိုးနဲ့လည်း နည်းနည်းဆိုင်ပါတယ်။ မိဘ၊ မောင်နှမ၊ မိသားစုဝင်တွေ ထဲမှာ သွားကြိတ်တဲ့အကျင့်ရှိသူ ပါခဲ့ရင် ကလေးမှာလည်း ဒီအကျင့်ပါနိုင်ချေ ပိုများပါတယ်။
- ကလေးရဲ့ ဦးနှောက်က နှိုးဆွလှုံ့ဆော်မှုလွန်ကဲနေတာ၊ အာရုံကြောစနစ် အလိုအလျောက် အလုပ်လုပ်နေတာ စတဲ့ ခန္ဓာဗေဒပိုင်းနဲ့လည်းဆိုင်တတ်ပါတယ်။
- ငယ်သွားလဲပြီး ကြီးသွားတွေပေါက်လာတာကြောင့် ပါးစပ်ထဲမှာ ကသိကအောက်ဖြစ်နေတာ၊ ပုံမှန်မဟုတ်တဲ့ ကိုက်မိတာတွေ၊ သွားစွယ်တွေ သွားထပ်တွေ၊ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- စိတ်ကျရောဂါအတွက် သောက်ရတဲ့ဆေးတွေကလည်း အိပ်ရင်းနဲ့ သွားကြိတ်တာမျိုးတွေ ဖြစ်စေပါတယ်တဲ့။ (ဒါမျိုးကတော့ ကလေးတွေထက် လူကြီးတွေမှာ အတွေ့ရများပါတယ်။)
သွားကြိတ်တာတစ်ခုထဲတင်မကဘဲ အိပ်ရာထဲရှူးပေါက်ချတာ၊ ယောင်တတ်တာ၊ အိပ်မက်ယောင်ပြီး လမ်းထလျှောက်တာ စတဲ့ ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေကိုလည်းပဲ ကလေးတွေမှာ တွေ့ရတတ်ပါတယ်။ အဲဒါတွေဟာ အိပ်ပျော်နေစဉ် အသက်ရှူကြပ် ပိတ်ဆို့ခြင်း obstructive sleep apnea (OSA) ဖြစ်တတ် ပါတယ် တဲ့။ နောက်ပြီးတော့ အဲဒီလိုကလေးမျိုးတွေမှာ hyperactivity လို့ ခေါ်တဲ့ အတက်ကြွလွန်ရောဂါမျိုးလည်း ဖြစ်နိုင်ပါတယ်။