အမျိုးသမီးများအနေနှင့် သွေးဆုံးတဲ့အခါမှာ စိုးရိမ်ကြောက်လန့်မှုများ အနည်းနှင့်အများဆိုသလို ခံစားရတတ်ပါတယ်။ အထီးကျန်ဆန်ခြင်း၊မိမိအတွက်ကိုယ်ချင်းစာကူညီခံစားပေးမည့်သူ မရှိတော့သလို ခံစားရခြင်းများဖြင့် စိတ်ဖိစီးလာပါတော့တယ်။ ယင်းကဲ့သို့ ခံစားချက်များခံစားနေရပြီ ဆိုပါက ကတယောက်တည်း ကျိတ် ခံစားမနေဘဲကျွမ်းကျင်သောအထူးကုနှင့် တိုင်ပင်ဆွေးနွေးအဖြေရှာသင့်ပါတယ်။
အမျိုးသမီးအများစုဟာအသက်ငါးဆယ်ဝန်းကျင်မှာ သွေးဆုံးလေ့ရှိပါတယ်။ သွေးဆုံးသည့်အချိန်ကြုံတွေ့ရသည့် ကျန်းမာရေးဆိုင်ရာအပြောင်းအလဲ များမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ အချို့အမျိုးသမီများတွင် ပြောင်းလဲမှုသိပ်မခံစားရပေမယ့် အချို့တွင်မူ ခက်ခဲကြမ်းတမ်းစွာကျော်ဖြတ်ရသည့် အခြေအနေများဖြစ်သွားတတ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိတွင်မှ ဒီလက္ခဏာများကြုံတွေ့ရသည်ဟု စိတ်ဓာတ်ကျမနေဘဲ မည်ကဲ့သို့ကောင်းမွန်ကျန်းမာစွာ ဆက်လက်နေထိုင်သွားမလဲဆိုတာ အထူးကုနှင့် တိုင်ပင်ဆွေးနွေးအဖြေရှာရမှာဖြစ်ပါတယ်။