သာမန်အားဖြင့် အပေါ်သွေး (၁၃၀)နဲ့ (၁၃၉) ကြား ၊ အောက်သွေး (၈၅) နဲ့ (၈၉) ကြား ရှိနေတယ်ဆိုရင် ခန္ဓာကိုယ်တွင်းအဂ်ါများ မူမမှန်ခြင်းရဲ့နောက်ဆက်တွဲအဖြစ် နှလုံးသွေးကြောရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေများတာကြောင့် ဆရာဝန်နဲ့ ချက်ချင်းပြသဆွေးနွေးရပါမယ်။ ဆရာဝန်က သင့်ရဲ့ သွေးပေါင်ချိန်ကို ထိန်းဖို့အတွက် နေထိုင်မှုပုံစံအပြောင်းအလဲ ၊ ဆေးဝါး စသဖြင့် နည်းလမ်းများစွာကို စဥ်းစားပေးမှာဖြစ်ပါတယ်။ သွေးပေါင်ချိန်ကို ပုံမှန် မှတ်သားဖို့နဲ့ တိုးတက်မှုအခြေ အနေကို ပြန်လည် ဆန်းစစ်ဖို့ မကြာမကြာ ဆရာဝန်နဲ့ ပြန်လည် ပြသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ သွေးပေါင်ချိန်တက်တာကို မထိန်းနိုင်ဘူးဆိုရင် ခန္ဓာကိုယ် ထဲရှိတဲ့ တချို့သော အစိတ်အပိုင်းများကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ အဲဒီကနေ တစ်ဆင့် တခြားသောရောဂါများဖြစ်တဲ့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ (၃)ဆ-(၄)ဆ ၊ သာမန်သွေးပေါင်ချိန်ရှိသူများနဲ့ယှဥ်ရင် လေဖြတ်နိုင်ခြေ (၇) ဆ မြင့်တက် စေမှာဖြစ်ပါတယ်။
သွေးတိုးရောဂါအရေးပေါ်အခြေအနေ (Hypertensive Crisis) ဟာ အပေါ်သွေး (၁၈၀) ၊ အောက်သွေး (၁၁၀) ထက် ကျော်သွားတဲ့အချိန်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သွေးပေါင်ချိန် အဲဒီပမာဏအထိ တက်သွားပြီဆိုရင် တိတိကျကျ သွေးပေါင်ချိန်ဖို့နဲ့ ကုသမှုခံယူဖို့ ဆရာဝန်နဲ့ ချက်ချင်းပြသပြီး ဆွေးနွေး တိုင်ပင်ဖို့လိုပါတယ်။ ဒါဟာ ခန္ဓာကိုယ်တွင်းရှိ အစိတ်အပိုင်းတစ်ခုခု ပျက်စီးသွားတဲ့ လပက္ခဏာဖြစ်ပြီး အထူးသဖြင့် ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှူရခက်ခဲခြင်း ၊ ခါးနာခြင်း ၊ ထုံကျင်ခြင်း ၊ အားနည်းခြင်း ၊ အမြင်အာရုံပြဿနာ ၊ စကားပြောရခက် ခြင်း စတဲ့ လက္ခဏာတွေနဲ့ တွဲပြီး ခံစားရလေ့ရှိပါတယ်။
သွေးပေါင်တက်ခြင်းဟာ လူကြီးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ကလေးတွေမှာလည်း ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို နားလည်ထားရပါမယ်။ တချို့ ကလေးတွေမှာ ကျောက်ကပ်(သို့) နှလုံး ပြဿနာများရဲ့ နောက်ဆက်တွဲ အဖြစ် သွေးတိုးရောဂါကို ခံစားရလေ့ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ ကျန်းမာရေးနဲ့ ညီညွတ်စွာစားသုံးမှုမရှိခြင်း ၊ လေ့ကျင့်ခန်းမလုပ်ခြင်း စတဲ့ အမူအကျင့်များကြောင့် အဖြစ်များပါတယ်။