သည်းခြေကျောက်တည်တဲ့သူတော်တော်များများဟာ ထင်သာမြင်သာတဲ့ လက္ခဏာမပြတတ်ပဲ ဒါကို အသံတိတ်သည်းခြေကျောက်(Silent Gallstones) လို့ သတ်မှတ်ကြပါတယ်။ ဒီလိုအမျိုးအစားမှာပါတဲ့သူတွေဟာ ဆိုးရွားတဲ့ လက္ခဏာ တစ်ခုမှ မခံစားရတဲ့အပြင် သူတို့ရဲ့ သည်းခြေနဲ့ အသည်း လုပ်ဆောင်ချက်တွေကိုလည်း ပုံမှန်အတိုင်း ထိန်းသိမ်းနိုင်ပါတယ်။
တကယ်လို့ သည်းခြေပြွန်ဟာ ပိတ်ဆို့နေတယ်ဆိုရင် အကျိုးဆက်အနေနဲ့ သည်းခြေအောင့်ခြင်း (Gallbladder Attack)ကို နာရီများစွာခံစားရပါတယ်။ ဒါဟာ သည်းခြေအိတ်အတွင်း စတင်ပြီး ဖိအားမြင့်တက်မှုကြောင့် ဖြစ်တာပါ။ ဒီလိုမျိုးအောင့်ခြင်းဟာ အစားအများကြီးစားပြီးတဲ့နောက်မှာ ဖြစ်လေ့ရှိပြီး သည်းခြေပြွန်အတွင်းမှ သည်းခြေကျောက်များ ရွေ့လျားသွားတဲ့အခါမှာ တဖြည်းဖြည်းသက်သာသွားပါတယ်။
ဒါပေမယ့်လည်း သည်းခြေကျောက်ဟာ အန္တရာယ်အလွန်များတဲ့ ရောဂါတစ်ခု အဖြစ်သိထားရပါမယ်။ အောက်ဖော်ပြထားတဲ့ လက္ခဏာတွေကိုစတင်ခံစားရပြီ ဆိုရင် (၁)ပတ်မှ (၂)ပတ်အတွင်း သေချာစစ်ဆေးသင့်ပါတယ်။
- ဆိုးဆိုးရွားရွားလေတက်ခြင်းနှင့် လေပွခြင်း။
- အဆီများတဲ့အစားအစာများစားပြီးနောက်အစာမကြေဖြစ်ခြင်း။
- ညာဘက်နံရိုးများနေရာမှ အစာအိမ်အောင့်ခြင်းကိုခံစားရပြီး ၎င်းမှတစ်ဆင့် ပုခုံးနဲ့ နောက်ကျောညာဘက်ခြမ်းအထိအောင့်ခြင်း။
တစ်ခါတစ်လေမှာ အချိန်ကြာရှည်စွာသည်းခြေပြွှန်ပိတ်ဆို့ခြင်းကြောင့် သည်းခြေကျောက်တည်ခြင်းဟာ ပိုမိုပြင်းထန်တဲ့လက္ခဏာများ ပြတတ်ပါတယ်။ တစ်ခါတစ်လေမှာ သည်းခြေကျောက်များဟာ အစမှာ သည်းခြေပြွှန်ကို တိုက်ရိုက် ပိတ်ဆို့ပြီးအဲဒီမှတစ်ဆင့် အူရဲ့အစနေရာ (Duodenum) ကိုပါ ပိတ်ဆို့နေတတ် ပါတယ်။ ဒါဟာ ပန်ကရိယ(မုန့်ချိုအိတ်)ပြွန်ကို ဆိုးရွားစွာပိတ်ဆို့စေပြီး ပန်ကရိယ(မုန့်ချိုအိတ်)ရောင်ခြင်း ကို ဖြစ်စေပါတယ်။ သည်းခြေကျောက်ကြောင့် ပန်ကရိယ(မုန့်ချိုအိတ်)ရောင်ခြင်းရဲ့ လက္ခဏာ များက တော့ ဖျားခြင်း၊ အချိန်ကြာမြင့်စွာနာခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသားဝါဖြစ်ခြင်း စတာတွေဖြစ်ပါတယ်။ တကယ်လို့ လူနာအတွက် လုံးဝမခံ မရပ်နိုင်ဖြစ်တဲ့အထိ အစာအိမ်အောင့်တယ်ဆိုရင်တော့ အရေးကြီးတဲ့ အခြေ အနေဖြစ်ပြီး (၂၄)နာရီအတွင်း ဆေးရုံကို အလျှင်အမြန် ပို့ဆောင်သင့်ပါ တယ်။ မကုသဘဲထားလိုက်မယ်ဆိုရင် သေဆုံးတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။
သည်းခြေကျောက်ကိုသေချာပေါက်ဖယ်ရှားရမယ်ဆိုရင် ကိရိယာသုံးပြီး သည်းခြေအိတ်ကိုခွဲစိတ်ဖယ်ရှားခြင်း (Gallbladder Laparoscopic Cholecystectomy) နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ အကြံပြုလိုပါ တယ်။