ယနေ့ခေတ်မှာ လူမှုဘဝနေထိုင်မှုပုံစံများဟာ အချိန်နဲ့အမျှ အဟုန်ပြင်းစွာ ပြောင်းလဲ နေပါတယ်။ အထူးသဖြင့် ကျယ်ပြန့်တဲ့ မြို့ပြနေရာမှာနေထိုင်သူများမှာ ပိုလို့ ပြောင်းလဲ လျက်ရှိပါတယ်။ မြို့ပြကြီးတွေမှာ နေထိုင်သူများဟာ အလုပ်ကနေရလာတဲ့ စိတ်ဖိစီးမှု တွေနဲ့ လုံးပမ်းနေပြီး လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်အနည်းငယ်မျှသာ ရကြပါတယ်။ သူတို့မှာ ဆေးလိပ်သောက်တာမျိုးလည်းရှိနိုင်သလို အချိန်ကုန်သက်သာစေဖို့အတွက် အမြန်စားလို့ရတဲ့ အသင့်စား အစားအစာတွေ စားလိုက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအစားအစာတွေဟာ အဆီဓာတ်တွေအများပြီးပါဝင်ပြီး ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်စေပါတယ်။ နှလုံးသွေးကြောရောဂါ ဟာ လူထုအတွင်းမှာ စိုးရိမ်စရာ မြင့်တက်လာတဲ့ ကျန်းမာရေးပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးသွေးကြော ရောဂါဟာ ဖြစ်ပြီဆိုရင် အရှင်းပျောက်ကင်းအောင်ကုသလို့မရနိုင်ဘဲ အသက်ရှင်နေသမျှကာလပတ်လုံး ဆေးတွေစွဲသောက်ရတော့မှာဖြစ်ပါတယ်။
နှလုံးသွေးကြောရောဂါဟာ နှလုံးသွေးလွှတ်ကြောများထဲမှာ အဆီနဲ့ ကယ်လ်ဆီယမ် တွေစုံပုံလာရာကနေ ပိတ်ဆို့ခြင်းနဲ့ယိုယွင်းခြင်းများဖြစ်ပေါ်ကာ နောက်ဆက်တွဲအနေနဲ့ နှလုံးကြွက်သား တစ်ရှူးများဆီ သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ နှလုံးသွေးကြောရောဂါကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာမှ ပြုပြင်ပြောင်းလဲလို့ရတဲ့အကြောင်းအရင်းများနဲ့ ပြုပြင်ပြောင်းလဲလို့မရတဲ့ အကြောင်းအရင်းများ ဆိုပြီး နှစ်မျိုး ထပ်မံခွဲခြားနိုင်ပါတယ်။
ပြုပြင်ပြောင်းလဲလို့ရတဲ့အကြောင်းအရင်းများထဲမှာ စားသောက်မှုပုံစံ ၊ အရက်သောက် ခြင်း ၊ ဆေးလိပ်သောက်ခြင်း ကဲ့သို့ နေထိုင်မှုပုံစံများအပြင် ဆီးချို ၊ သွေးတိုး ၊ သွေးတွင်း အဆီများခြင်းကဲ့သို့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများပါဝင်ပါတယ်။ ပြုပြင် ပြောင်းလဲလို့မရတဲ့ အကြောင်းအရင်းများထဲမှာတော့ အသက်အရွယ် ၊ ကျား/မ ၊ လူမျိုးစု စတာတွေပါဝင်ပါတယ်။
ရုတ်တရက်ဖြစ်သောနှလုံးသွေးကြောရောဂါ
ဒီအမျိုးအစားကတော့ ကုသမှုကိုချက်ချင်းမလုပ်ဆောင်ခဲ့ဘူးဆိုရင် သေဆုံးမှုကို မြင့်မားစေတဲ့ နှလုံးသွေးကြောရောဂါ အမျိုးအစားဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လူနာဟာ အားစိုက်ထုတ်မှုမပြုလုပ်သည့်တိုင်အောင် မောပန်းခြင်းနဲ့ ရင်ဘတ်အလယ် တည့်တည့် မှာ တင်းကျပ်ခြင်းကိုခံစားရပြီး အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးသထက်ဆိုးမအီမသာခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးတုန်ခြင်း ၊ ချွေးထွက်ခြင်း နဲ့ အသက်ရှူရခက်ခြင်းတို့ကိုပါ ကြုံတွေ့နိုင်ပါတယ်။ လူနာအနေနဲ့ နှလုံးဖောက်တဲ့ အချိန်ဆိုရင် ပြင်းထန်မှုနဲ့ နှလုံးဆီသွေးစီးဆင်းမှုကန့်သတ်ချက် အပေါ်မူတည်ကာ နှလုံးစွမ်းဆောင်မှုပျက်စီးခြင်း (သို့) သေဆုံးခြင်းအထိဖြစ်စေနိုင်ပါတယ်။
ဒီလိုအကြောင်းအရင်းတွေကြောင့် လူနာများအနေနဲ့ အတတ်နိုင်ဆုံး ဆေးရုံကို မြန်နိုင်သမျှမြန်အောင် သွားရောက်ကုသမှုခံယူသင့်ပြီး ပထမဆုံးလက္ခဏာပြပြီး နောက် အနည်းဆုံး (၆)နာရီ ကနေ (၁၂) နာရီအတွင်း သွားရောက်သင့်ပါတယ်။ ဒါမှသာ ဆရာဝန်မှ ပြွန်ပိုက် (Stent) အသုံးပြုကာ သွေးကြောထဲ ပိတ်ဆို့နေခြင်း ရှိ မရှိကို သိနိုင်မှာ ဖြစ်ပါတယ်။ ပြွန်ပိုက် (Stent) ဟာ ကုသရာမှာ သွေးကြောများ ကျယ်ပြန့်အောင့် ထည့်သွင်းရတာဖြစ်ပါတယ်။ ဒါမှမဟုတ် အရေးပေါ်အခြေအနေမှာ သုံးတဲ့ သွေးခဲပျော်ဆေး (Fibrinolytic Medication)ကို အသုံးပြုကောင်း အသုံးပြုနိုင်ပါတယ်။
နာတာရှည်နှလုံးသွေးကြောရောဂါ
နာတာရှည်နှလုံးသွေးကြောရောဂါရဲ့ လက္ခဏာများဟာ လူနာရဲ့ ခွန်အားစိုက်ထုတ်အသုံး ပြုချိန်အပေါ်မူတည်ကာ ပေါ်လိုက်ပျောက်လိုက်ဖြစ်လေ့ရှိပါတယ်။ ဥပမာ - လမ်းလျှောက်ချိန် ၊ လေ့ကျင့်ခန်းလုပ်ချိန် ၊ လှေကားပေါ်တက်ချိန် စတာတွေမှာ ဖြစ်လေ့ ရှိပါတယ်။ လူနာဟာ ရင်ညွန့်နေရာတစ်ဝိုက် စူးစူးရွားရွား အောင့်ခြင်း (သို့) တင်းကျပ်ခြင်းကို ခံစားရနိုင်ပြီး အနားယူဖို့ ထိုင်ချလိုက်ချိန်မှာ ပျောက်သွားနိုင်ပါတယ်။ ဒါ့အပြာင် တချို့လူနာတွေမှာ ဘယ်ဘက်ပုခုံးနာကျင်နိုင်ပြီး နာကျင်မှုဟာ မေးရိုးအထိ ပျံ့နှံ့သွား နိုင်ပါတယ်။ ဒီလိုအခြေအနေဆိုရင် လူနာအနေနဲ့ ဆေးကုသမှုချက်ချင်း ခံယူရမှာ ဖြစ်ပါတယ်။
ရောဂါမပြင်းထန်သေးတဲ့ အခြေအနေမှာဆိုရင် သောက်ဆေးအပါအဝင် နေထိုင်မှုပုံစံ ပြောင်းလဲမှုများနဲ့အတူ ကုသပေးနိုင်ပြီး လူနာအတွက် ဘဝတစ်လျှောက်လုံး သွေးကြောတွေထဲမှာနောက်ထပ် အဆီဓာတ်တွေစုပုံလာခြင်းကို တွန်းလှန်ကာကွယ်ပေး နိုင်မှာဖြစ်ပါတယ်။ ဆေးသောက်ခြင်းအပြင် လူနာအနေနဲ့ စားသောက်မှုပုံစံကို ထိန်းသိမ်း ခြင်း နဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကိုပါ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
သွေးကြောပိတ်ခြင်းဟာ အရမ်းဆိုးရွားတဲ့အခြေအနေကိုရောက်ရှိနေပြီး နှလုံးရဲ့ ကျုံ့နိုင်မှုစွမ်းရည်များကို လျော့ကျစေပြီဆိုရင်တော့ Stent(ပြွန်ပိုက်) အသုံးပြုပြီး သွေးကြောတွေကိုချဲ့ထွင်ရတဲ့ Cardiac Catheterization (ပြွန်ပိုက်သုံးကာ သွေးကြော ချဲ့ထွင်ခြင်း) နည်းလမ်းကို လုပ်ဆောင်သင့်ပါတယ်။ Cardiac Catheterization (ပြွန်ပိုက်သုံးကာ သွေးကြော ချဲ့ထွင်ခြင်း) မှာ နှလုံးကြွက်သားတစ်ရှူးများကို ထိခိုက် စေတဲ့ ပိတ်ဆို့မှု ဟုတ်မဟုတ် ဆိုတာသိနိုင်ဖို့ လူနာရဲ့သွေးကြောအတွင်းကို ရေဒီယိုသတ္တိ ကြွ အရည်တစ်မျိုး (Radioactive Fluid) ကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ ထည့်သွင်းလိုက်တဲ့အရည်များဟာ ဆရာဝန်တွေအတွက် နှလုံးကြံ့ခိုင်မှုအပြင် နှလုံး တစ်ချက်ကျုံ့လိုက်တိုင်း နှလုံးအဆို့ရှင်ဟာ ဘယ်နှုန်းနဲ့ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေသလဲ ဆိုတာကိုပါ သိရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလုပ်ဆောင်မှုဟာ နှလုံးနဲ့ နှလုံးအတွင်း အမျိုးမျိုးသောအစိတ်အပိုင်းများရဲ့ အတွင်းဖိအားကိုပါ သိရှိစေနိုင်မှာဖြစ်ပါတယ်။ ဒီလိုဆေးရည်ထည့်သွင်းရာမှာ ပေါင်ကနေတစ်ဆင့်သွေးကြောများအတွင်းထည့်သွင်းခြင်း (Femoral Artery Catheterization) နဲ့ လက်မောင်းကနေတစ်ဆင့်သွေးကြောများအတွင်း ထည့်သွင်းခြင်း (Radial Artery Catheterization) နည်းလမ်းများကို လုပ်ဆောင်လေ့ရှိပါတယ်။ ဘယ်နည်းလမ်းရွေးချယ်ရမလဲဆိုတာကတော့ တာဝန်ယူတဲ့ ခွဲစိတ်ဆရာဝန်ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံအပေါ်မူတည်ပါတယ်။
Cardiac Catheterization (ပြွန်ပိုက်သုံးကာ သွေးကြော ချဲ့ထွင်ခြင်း) ကို လုပ်ဆောင်ပြီး နောက် သွေးကြောပိတ်ဆို့မှု (သို့) သွေးကြောကျဉ်းမြောင်းမှု ကို ရှာဖွေ အတည်ပြုပြီးပြီ ဆိုရင် သွေးကြောကို ချဲ့ထွင်ဖို့ ပြွန်ပိုက်(Stent) ထည့်သွင်းပြီး ကုသမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုမှာ သွေးကြောပိတ်ဆို့မှုကိုဖြစ်စေတဲ့ အဆီများကို ဆွဲဆန့်ဖို့ (သို့) တွန်းထုတ်ဖို့ ပိုက်ခွေ(Coil) ကိုထည့်သွင်းပြီး သွေးကြောအတွင်း နေရာလွတ် ပိုမိုဖြစ်ပေါ် စေကာ အရင်ကထက်စာရင် သွေးများပိုမိုစီးဆင်းနိုင်မှာဖြစ်ပါတယ်။
သွေးကြောပိတ်ဆို့မှု အများကြီးရှိနေတဲ့ လူနာများအတွက် နှလုံးသွေးကြောဖြတ်ဆက် ကုသခြင်း (Heart Bypass Operation) နည်းလမ်းကို ဆရာဝန်မှ ရွေးချယ်မှာ ဖြစ်ပါတယ်။ အဆိုပါခွဲစိတ်ကုသမှုမှာ ဘယ်ဘက်လက်မောင်းသွေးပြန်ကြော (သို့) ခြေထောက်သွေးပြန်ကြောများကို ထုတ်ယူလိုက်တာဖြစ်ပါတယ်။ ဆရာဝန်မှ ထုတ်ယူလိုက်တဲ့ အဆိုပါသွေးကြောများကို ပိတ်ဆို့နေတဲ့ သွေးကြောများနေရာမှာ အစားထိုးထည့်သွင်းပြီး သွေးလွှတ်ကြောမ ကနေ နှလုံးကြွက်သားဆီ သွေးစီးဆင်းမှု ကို အကောင်းပကတိအတိုင်းပြန်ဖြစ်စေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ပိတ်ဆို့နေတဲ့သွေးကြောများကို အသုံးပြုခြင်းကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
တကယ်လို့ လူနာတစ်ယောက်ဟာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေရှိတယ်ဆိုရင် ကယ်လ်ဆီယံပမာဏသိရှိစေဖို့အတွက် နှလုံး CT ရိုက်ခြင်းကို ပြုလုပ်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ နှလုံးသွေးကြောများအတွင်းရှိနေတဲ့ ကယ်လ်ဆီယမ်ပမာဏကို ရှင်းလင်း ပြတ်သားတဲ့ ပုံရိပ်တစ်ခုနဲ့ စစ်ဆေးပေးတာဖြစ်ပါတယ်။ အဆိုပါစစ်ဆေးမှုများကနေရလာတဲ့ ရလာဒ်များကိုအသုံးပြုပြီး လူနာအတွက် အသင့်တော်ဆုံး ကနဦးလုပ်ဆောင်မှုများကို ဆရာဝန်များမှ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ အဆိုပါလုပ်ဆောင်ချက်များဟာ လက္ခဏာမပြခင် ကုသမှုပေးနိုင်အောင် အထောက်အကူပြုပါတယ်။ ဒါ့အပြင်နှလုံးသွေးကြောရောဂါကြောင့် ရုတ်တရက်သေဆုံး နိုင်မှုကိုလည်းလျှော့ချပေးပါတယ်။
ယနေ့ခေတ်မှာ ဆေးဘက်ဆိုင်ရာနည်းပညာများဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးလာ ခဲ့ပြီး ယခင်ကထက်စာရင် ကျန်းမာရေးပြဿနာအားလုံးကို ပိုမိုအောင်မြင်စွာ ကုသလာနိုင်ခဲ့ပြီဖြစ်သော်လည်း ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုပြုစောင့်ရှောက်ခြင်းဟာ ရောဂါ ကနဦးအဆင့်ကနေ အန္တရာယ်ရှိတဲ့ အခြေအနေထိ မရောက်အောင် ကာကွယ်ပေးနိုင်တဲ့ အရေးအကြီးဆုံးသောနည်းလမ်းအဖြစ် ရှိနေဆဲပါ။ နေထိုင်မှုပုံစံများကိုပြောင်းလဲခြင်းဟာ ရောဂါဖြစ်နိုင်ခြေမျာကိုလျှော့ချဖို့ လူတိုင်းလုပ် သင့်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီးမျှတအောင်စားသုံးခြင်း ဟာ အဲဒီထဲက နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အနီရောင်အသားများကိုလျှော့စားခြင်း ၊ ငါးနဲ့ အရေခွံမပါတဲ့ကြက်သားစားသုံးခြင်း ၊ သစ်သီးနဲ့ဟင်းသီးဟင်းရွက်များများစားကာ အမျှင်ဓာတ်စားသုံးမှုကိုမြှင့်တင်ခြင်း စတဲ့နည်းလမ်းများအတိုင်း စားသုံးသင့်ပါတယ်။ တစ်ဖက်မှာလည်း ကြော်ထားတဲ့အစားအစာများနဲ့ အနီရောင်အသားများမှာတွေ့ရတဲ့ အဆီဓာတ် စားသုံးမှုနှုန်းကိုလည်း လျှော့ချရမှာဖြစ်ပါတယ်။ ချက်ပြုတ်တဲ့အခါမှာလည်း ဆန်ဖွဲနုဆီနဲ့ချက်ရင် အကောင်းဆုံးဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးခြင်းနဲ့အတူ နောက်ထပ် အရေးကြီးတဲ့ အချက် တစ်ချက်ကတော့ နှလုံးနဲ့ အဆုတ်လုပ်ဆောင်ချက်ကို တိုးတက်ကောင်းမွန်စေတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရာမှာလည်း တစ်ကြိမ်ကို မိနစ် (၃၀) ထက် မနည်းဘဲ တစ်ပတ်ကို အနည်းဆုံး (၃)ကြိမ် ပြုလုပ်သင့် ပါတယ်။ ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ရပါမယ်။ နှစဉ်ကျန်းမာရေးစစ်ဆေးမှုနဲ့ လုံလောက်စွာအိပ်စက်အနားယူခြင်းကတော့ မဖြစ်မနေ လုပ်ဆောင်ရပါမယ်။
ရိုးရှင်းလွယ်ကူတဲ့ဒီလိုမျိုး ဘဝနေထိုင်မှုပုံစံများကို လိုက်နာခြင်းဟာ သင့်အတွက် နှလုံးသွေးကြောရောဂါရဲ့ အဝေးမှာ ရှိနေစေမှာပဲဖြစ်ပါတယ်။
Complete a risk assessment for genetic conditions at:
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်