အသက်ရှူလမ်းကြောင်း – ရောဂါလက္ခဏာတွေကတော့ နှာရည်ယိုတာ၊ နှာစေးတာ၊ နှာခေါင်းပိတ်တာ (hay fever လို့လဲ ခေါ်ပါတယ်)စတာတွေဖြစ်ပြီး ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ စတဲ့ ပိုမိုဆိုးရွားတဲ့ ရင်ကျပ်ပန်းနာရဲ့ လက္ခဏာတွေအထိ ဖြစ်သွားတတ်ပါတယ်။
အသက်ရှူလမ်းကြောင်းမှာ ဖြစ်တဲ့ ဓာတ်မတည့်မှုဆိုတာ များသောအားဖြင့် လေထဲမှာပါလာတဲ့ ဓာတ်မတည့်တဲ့ ပစ္စည်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ထိုင်းလူမျိုးတွေမှာ များသောအားဖြင့် လေထဲက သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ဖုန်မှုန့်တွေထဲက ပိုးမွှားတွေ၊ ပိုးဟပ်တို့၊ အိမ်မွေး ခွေးတို့ ကြောင်တို့က အမွေးတွေ၊ ပန်းဝတ်မှုန်တွေ၊ လေထဲမှာပါလာတဲ့ မှို စတာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်ကြပါတယ်။
တစ်ချို့ ကလေးတွေမှာ ကြက်ဥ တို့ နွားနို့တို့ စတာတွေနဲ့ မတည့်တဲ့ အစားအသောက်အလာဂျီလည်း ရှိပါတယ်။ အဲဒါတွေစားမိရင် ရင်ကျပ်တာတို့ အသက်ရှူကြပ်တာတို့ စတဲ့ ပန်းနာရောဂါလက္ခဏာတွေ ပြလာတတ်ပါတယ်။
အရေပြား – အင်ပျဉ်ထခြင်း၊ နှင်းခူ နဲ့ အခြားဓာတ်မတည့်မှုဆိုင်ရာ အရေပြားရောင်ရမ်းခြင်းတို့ ဖြစ်တတ်ပါတယ်။ အစားအသောက်နဲ့ ဆေးဓာတ်မတည့်မှုတွေကြောင့် အင်ပျဉ်တွေ ထ လာတတ်ပါတယ်။ နှင်းခူကျတော့ မိသားစုထဲမှာ အလားတူ ဓာတ်မတည့်မှုမျိုးရှိတဲ့သူတွေ၊ တစ်ချို့လည်း နွားနို့တို့ ကြက်ဥတို့နဲ့ ဓာတ်မတည့်တဲ့သူတွေ မှာ ဖြစ်တတ်ပြီး ကလေးငယ်လေးတွေမှာဆိုရင် ပါးပေါ်မှာ နဲ့ အသက် နည်းနည်းကြီးတဲ့ကလေးတွမှာတော့ တံတောင်ဆစ်ကွေးတို့ ဒူးခေါင်းခွက်တို့မှာ ဖြစ်တတ်ပါတယ်။
အစာချေအဖွဲ့အစည်း – ဗိုက်နာတာ၊ အန်တာ၊ ဝမ်းလျှောတာ၊ သွေးပါတာ စတာတွေဟာ အစားအသောက် ဓာတ်မတည့်မှုရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
နေရာအစုံမှာဖြစ်ခြင်း – ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးမှာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာတတ် ပါတယ်။ တစ်ချို့ လူနာတွေမှာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ဓာတ်မတည့်မှုတွေ ခံစားရတတ်ပါတယ်။ အသက်ရှူကြပ်တာ၊ အင်ပျဉ်ထတာကစပြီး သတိလစ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အပေါ်ကိုလည်း သက်ရောက်မှု ရှိပါတယ်။ ကိုယ်နဲ့ မတည့်တဲ့ အစားအစာ တွေ ဖြစ်တဲ့ ပုစွန် တို့ မြေပဲ တို့ စားမိတဲ့အခါ တို့ ပင်နီဆလင်လို မတည့်တဲ့ဆေးမျိုး ထိုးမိတဲ့အခါ တို့မှာ အသက်ဆုံးရှုံးတဲ့အထိ တောင် ဖြစ်သွားနိုင်ပါတယ်။