ကျွန်တော်တို့ဟာ အူမကြီးအတွင်းရှိနေတဲ့ Polyps(ပုံမှန်မဟုတ်ဘဲကြီးထွားလာသောတစ်သျှူးများ) များနဲ့ သူတို့ရဲ့ ဖွံ့ဖြိုးကြီးထွားလာမှု ကို စစ်ဆေးခြင်းဟာ ကင်ဆာရောဂါ ကာကွယ်ရာမှာ အရေးကြီးတယ်ဆိုတဲ့အချက်ကို လုံလုံလောက်လောက် အလေးမထားကြပါဘူး။ “ အူမကြီးကင်ဆာ ကြီးထွားလာမှု ကို သတိထားရပါမယ် ။ (၇၀) ကနေ (၈၀) ရာခိုင်နှုန်းသော အူမကြီးကင်ဆာရောဂါ များက သေးငယ်တဲ့ Polyps လေးတွေကနေ စဖြစ်တာပါ။ ” လို့ Dr.Pitaluk က ပြောပါတယ်။
အူမကြီးထဲမှာ ကြီးထွားလာတဲ့ Polyp လေးတွေဟာ တဖြည်းဖြည်းချင်း အရွယ်အစား ကြီးလာပြီး (၃) နှစ်က နေ (၅)နှစ်အတွင်း ကင်ဆာအဖြစ် အသွင်းပြောင်းသွားပါတယ်။ ဒါပေမယ့် Polyp အားလုံး ကင်ဆာဖြစ်သွားတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် Polyp တွေ ကင်ဆာအဖြစ်မပြောင်းလဲခင် သိရှိပြီး ဖယ်ရှားနိုင်မယ်ဆိုရင် အူမကြီးကင်ဆာကို ကာကွယ်နိုင်ပါတယ်။
အူမကြီးကင်ဆာအဆင့် ရင့် နေတဲ့ လူနာအရေအတွက်ကို လျှော့ချနိုင်ခဲ့ပြီးဖြစ်လို့ အူမကြီးကင်ဆာ စစ်ဆေးမှုတွေကို ကျေးဇူးတင်ရမှာပါပဲ။ အူမကြီးကင်ဆာဖြစ်နိုင်ဖို့ ရာခိုင်နှုန်းအရမ်းများတဲ့သူတွေ အနေနဲ့ အသက်(၅၀) မတိုင်ခင်တည်းက စစ်ဆေးထားသင့်ပါတယ်။
အူမကြီးအတွင်းမှန်ပြောင်းဖြင့်ကြည့်ရှုခြင်း(Colonoscopy) ဟာ အူမကြီးကို စစ်ဆေးတဲ့ လုပ်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ လုပ်ဆောင်မှုအတွင်း ဆရာဝန်တွေက အူမကြီးအတွင်းကြည့်မှန်ပြောင်း (Colonscope) ကို စအိုဝမှတစ်ဆင့် အူမကြီးတစ်ခုလုံးရဲ့အလျားအတိုင်း တောက်လျှောက် ထည့်သွင်း ကြည့်ရှုတာ ဖြစ်ပြီး ပျမ်းမျှအားဖြင့် မိနစ် (၂၀) မှ (၃၅) မိနစ်အထိ ကြာမြင့်ပါတယ်။ တကယ်လို့ ကြည့်ရှုချိန်မှာ Polyps တွေ့ခဲ့မယ်ဆိုရင် ပိုပြီးကြာမြင့်နိုင်ပါတယ်။ အဲဒီလုပ်ဆောင်မှုအတွင်းမှာပဲ Polyps တွေကို ဖယ်ရှားရတာကြောင့် ကြာမြင့်ရတာဖြစ်ပါတယ်။