အပူပိုင်းဒေသပေါက် ဘက်တီးရီးယားတွေဟာ သေသေချာချာချက်ပြုတ်မထားတဲ့ အစားအစာတွေကတစ်ဆင့် လူ့အစာအိမ်နဲ့ အူလမ်းကြောင်းထဲကို ဝင်ရောက်နိုင်ပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ရေ၊ ညစ်ပေတဲ့လက်၊ ပေကျံညစ်ပတ်နေတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ အစားအစာချက်ပြုတ်ပြင်ဆင်စားသောက်ရာမှလည်း ဝင်ရောက်တတ်ပါတယ်။
ယေဘုယျအားဖြင့် ညစ်ညမ်းအစားအစာများမှာ ပါဝင်လာတဲ့ ပိုးတွေကို တိုက်ဖျက်ဖို့ အစာအိမ်မှ အက်ဆစ်ဓာတ်များ ထုတ်ပေးလေ့ရှိပါတယ်။ တော်ရုံတန်ရုံဘက်တီးရီးယားတွေဆို အက်ဆစ်က ဖျက်ဆီးပစ်လိုက်တဲ့အတွက် အစာအိမ်ထဲမှာ အသက်မရှင်နိုင်ကြပါဘူး။ ဒါပေမယ့် H.Pylori ဆိုတဲ့ ဘက်တီးရီးယားကတော့ အစာအိမ်နံရံတွေမှာ တွယ်ကပ်နေကြပြီး အယ်လ်ကာလီ Alkaline ဓာတ်ပစ္စည်းတွေ ထုတ်လုပ်ကာ အစာအိမ်အက်ဆစ်ကို ဓာတ်ပြယ်စေပြီး သူတို့ကိုယ်သူတို့ ကာကွယ်ထားကြပါတယ်။ သူတို့ဟာ လူနာရဲ့ အူချောင်းအတွင်းမှာလည်း ရှိတတ်ကြပြီး ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဘာလက္ခဏာမှ မပြဘဲလည်း နေလေ့ ရှိပါတယ်။
ဒါ့အပြင် ရုတ်တရက်ပိုးဝင်ခြင်း (သို့မဟုတ်) အစာအိမ်ထဲမှာ ဘက်တီးရီးယားတွေ ပမာဏအများကြီး စုမိနေ ခြင်း စတဲ့အခြေအနေမျိုးတွေမှာဆိုရင် ဗိုက်နာခြင်း၊ ဖျားခြင်း၊ အော့အန်ခြင်း စတဲ့ အစာအိမ်နာတဲ့ လက္ခဏာနဲ့ ဆင်တူတဲ့ ဝေဒနာတွေကို ခံစားရမှာဖြစ်ပြီး မကြာခင်မှာဘဲ အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါဟာ အစာအိမ်ရောင်ရမ်းခြင်းကို ခန္ဓာကိုယ်က အလိုအလျောက်တုံ့ပြန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် H.Pylori ဘက်တီးရီးယားတွေ သေကုန်တဲ့အထိတော့ မရနိုင်ပါဘူး။ သူတို့ဟာ အစာအိမ်နံရံတွေထဲမှာ ပုန်းအောင်းနေ ကြလို့ပဲဖြစ်ပါတယ်။ ပြီးတော့ ပိုးအကောင်ရေ နည်းနေသေးရင်လဲ အဆိုပါ ဝေဒနာတွေ ခံစားရမှာမဟုတ်ပါဘူး။ ဒီကောင်တွေဟာ အစာအိမ်နံရံအောက်ထဲမှာ ခို နေပြီး နာတာရှည်အစာအိမ်ရောဂါ ဖြစ်လောက်တဲ့ ပမာဏအထိ တိုးပွားလာဖို့အတွက် အယ်လ်ကာလီဓာတ်တွေထုတ်လုပ်ကြပါတယ်။ ရောဂါလက္ခဏာကတော့ ပြချင်လဲ ပြတယ်။ မပြဘဲ နေချင်လဲ နေတတ်ပါတယ်။
တကယ်လို့ နာတာရှည်အစာအိမ်နာကို ခံစားနေရပြီဆိုရင်တော့ အစာအိမ်နံရံတွေဟာ စတင်ပျက်စီးလာပြီး အားတွေ ယုတ်လျော့လာပါတယ်။ အစာအိမ်နဲ့ အူ မှာ အနာဖြစ် လာပြီးတော့ အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ လမ်းကြောင်းဘက်ကို ဦးတည်လာပါတော့တယ်။ တကယ်လို့ လူနာဟာ Antacid ဆိုတဲ့ အစာအိမ် အက်ဆစ် လျော့နည်းစေတဲ့ဆေးကို ၂နှစ်အထိ သောက်ထားပြီး အဆိုပါဝေဒနာမျိုး ၇၀-၈၀% အထိ ပြန်ပေါ်လာတယ် ဆိုရင် ဆရာဝန်အနေနဲ့ H.pylori ဘက်တီးရီးယား ရှိမရှိ စစ်ဆေးရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မလုပ်မဖြစ် လုပ်ရမယ့် အလုပ်တစ်ခုဖြစ်ပြီး တကယ်လို့ ပိုးတွေ့လို့ ကုသပေးလိုက်ပြီဆိုရင် ပြန်ဖြစ်နိုင်ချေကို ၄ မှ ၇% အထိ လျှော့ချနိုင်ပါတယ်။