“လှချင်ရင် အောင့်ခံ” - ဒါ အမျိုးသမီးတွေရင်ထဲမှာ အမြဲရှိနေတဲ့စကားလေးတစ်ခွန်းပဲ ဖြစ်ပါတယ်။ လေဒီရှူး ဒေါက်မြင့်ကလေးစီးပြီး ဖိနပ်သံလေးတခွပ်ခွပ်ပေးလို့ လမ်းလျှောက်ပြလိုက်ရရင် ပျိုမေတို့ အရမ်း အရမ်းကို လှ နေမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒေါက်ဖိနပ်ကို ချွတ်လိုက်ပြီဆိုရင်တော့ ခြေထောက်မှာ နာကျင်ခြင်း၊ တောင့်တင်းခြင်း စတဲ့ ဝေဒနာတွေကို ခံစားရတော့မှာ ဖြစ်ပါတယ်။ တစ်ချို့နေရာတွေဆို ရောင် တောင် ရောင် နေမှာ ဖြစ်ပါတယ်။ အခုတလော လေဒီရှူး ဒေါက်တွေကလည်း တစ်နေ့တစ်ခြား မြင့် မြင့် လာတယ်မဟုတ်လား။ အဲဒီတော့ တို့ရဲ့ ခြေထောက်တွေ (အထူးသဖြင့် ခြေဖျားပိုင်းတွေ) ဟာ ခန္ဓာကိုယ်ရဲ့ ဘော်ဒီဝိတ်အလုံးစုံကို တောင့်ခံထားပေးနိုင်ဖို့ သဘာဝက ဒီဇိုင်းထုတ်ပေးထားတာမဟုတ်ဘူး ဆိုတဲ့အချက်ကို မေ့ထားပြီး စီးလိုက်ကြတာပေါ့။ အကျိုးဆက်ကတော့ လေဒီရှူးဒေါက်မြင့် စီးရာကနေ ခါးနာခြင်းဆိုတဲ့ နောက်ဆက်တွဲ အပိုဆုလေးတစ်ခု ထပ်ရနေကြတာပါပဲ။
တို့ရဲ့ ခန္ဓာဗေဒဖွဲ့စည်းပုံဟာ ခါးနေရာကနေပြီးတော့ အရှေ့ကို ခပ်ကိုင်းကိုင်း သဏ္ဌာန်ရှိပါတယ်။ ဒေါက်မြင့်မြင့်ဖိနပ်ကို စီးလိုက်ခြင်းအားဖြင့် ခါးလေးက ရှေ့ကို နည်းနည်းပိုကိုင်းသလိုဖြစ်သွားပြီး ရင်ကလေးက ခပ်မတ်မတ် နဲ့ ချီချီကလေးဖြစ်သွားတာကြောင့် ဝင့်ဝင့်ကြွားကြွားလေး ဖြစ်သွားတာပါ။ စီးထားတဲ့ ဒေါက် မြင့်လေလေ ဒီပုံစံအတိုင်း ခါးက ရှေ့ကို ပိုကိုင်းလေလေ၊ အပေါ်ပိုင်းကို နောက်ကို ပိုပြီး လန်ပေးမှ ဟန်ချက်ကို ထိန်းနိုင်မှာမို့ ခန္ဓာကိုယ်ကြွက်သားတွေကို ပိုပြီး တောင့်ထားပေးရမှာ ဖြစ်ပါတယ်။ ဒါအပြင် ကျောရိုးတစ်လျှောက်က ချိတ်ဆက်နေတဲ့ အရိုး သေးသေးလေးတွေနဲ့ အဆစ်တွေဟာလည်း ခန္ဓာကိုယ်ရဲ့ ဟန်ချက်မညီမှုကို ထိန်းမတ်ပေးနေရတာမို့ နာ လာပါတယ်။ လေဒီရှူး ဒေါက်မြင့်မြင့် ကြောင့် ကျောရိုးထဲက အရိုးသေးသေးလေးတွေနဲ့ အဆစ်သေးသေးလေးတွေ နာ လာတာကို “ခါးနာတယ်” လို့ ခေါ်တာပေါ့။
ပုံမှန် ဒေါက်မပါတဲ့ ရှူးကို စီးရင် ခန္ဓာကိုယ်ရဲ့ ဘော်ဒီဝိတ်ဟာ ခြေဖဝါးတစ်ခုလုံးအပေါ်ကို မျှ ပြီး ကျတယ်။ ဒေါက်နဲ့စီးရင်တော့ ခြေဖျားဘက်ကို ၇၀% နဲ့ ဖနောင့်ဘက်ကို ၃၀% ဖြစ်သွားတယ်။ ဒါဟာ ခြေဖျားဘက် ကို ဝန် ပို ပိစေတဲ့ အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပဲ ဖြစ်တယ်။ လေ့လာမှုတွေအရတော့ ဒေါက် တစ်လက်မ မြင့်တိုင်း ခြေဖျားဘက်ကို အလေးချိန် ၂၂% ဖိအား ပို ပြီး ကျ သွားတယ်လို့ ဆိုပါတယ်။ ဒီနေ့ခေတ် လေးလက်မဒေါက် ငါးလက်မဒေါက်တွေ ဆိုရင် ခြေဖျားပေါ်မှာ ဖိအား ဘယ်လောက် ကျ သွားဆိုတာ တွက်သာ ကြည့်ကြပါ လို့ ပြောချင်ပါတယ်။ ဒေါက်မြင့်မြင့်ကြီးတွေစီးတာဟာ ခါးနာရုံသာမက ဖနောင့်၊ ခြေကျဉ်းဝတ်၊ ခြေသလုံး၊ ဒူး နဲ့ တင်ပါးဆုံ တွေပါ နာတာ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်လုံး ဟန်ချက်ညီအောင် သူတို့ကပါ ဝိုင်းပြီး တောင့် ထားပေးရတာကိုး။
“ထိုင်ခြင်း” ဆိုတဲ့ ကိုယ်နေဟန်ထားဟာ ခါးရိုးအပေါ်မှာ ဝန် ပိ စေပါတယ်။ အချိန်အကြာကြီးထိုင်ခြင်း အားဖြင့် ခါးနာ လာတတ်ပါတယ်။ ကြွက်သားတွေလဲ နာလာတတ်ပါတယ်။ အကြာကြီးထိုင်နေခြင်းအားဖြင့် ကြွက်သားတွေဟာ အကြာကြီးညှစ်ထားပေးရပြီး ဖြေလျော့ချိန် မရကြပါဘူး။ ယျေဘုယျအားဖြင့် ပုံစံ မပြင်ဘဲနဲ့ အကြာဆုံး မိနစ် ၃၀ အထိပဲ ထိုင်သင့်တယ်လို့ ဆိုပါတယ်။ မိနစ် ၃၀ ပြည့်ရင် တစ်ခါ ထ ပြီး ထိုင်တဲ့ပုံစံ ပြောင်းရမှာ ဖြစ်ပါတယ်။ ရုံးစားပွဲမှာ တစ်နေကုန် ထိုင်ပြီးအလုပ်လုပ်ရတဲ့ မိန်းခလေးတွေ အတွက်တော့ ဒါဟာ အခက်အခဲတစ်ခုပါပဲ။ ဒါကို “ရုံးထိုင်ရောဂါ” လို့တောင် ကင်ပွန်းတပ်ကြပါတယ်။
အဲဒီမှာမှ ပုံစံမမှန်ဘဲ အကြာကြီးထိုင်နေမိရင် (ကွန်ပျူတာကိုင်နေတဲ့အချိန်တွေမှာ ခါးကိုင်းကိုင်း လက်ပြင်ကုန်းကုန်းကြီး ဖြစ်နေတတ်ကြတယ်) မကြာခင် ခါးနာ လာတော့တာပဲ။ ခါးကနေတစ်ဆင့် လည်ပင်း၊ ပခုံး၊ တင်ပါးဆုံနဲ့ ပေါင်တွေပါ ကိုက်လာတတ်ပါတယ်။
ခါးလေးမတ်မတ်ထားပြီး ထိုင်ရတာ သက်သောင့်သက်သာ ဖြစ်နေတယ် ဆိုရင် ထိုင်နေတဲ့ ကိုယ်နေဟန်ထား မှန် နေလို့ပါပဲ။ ကျောဟာ ကုလားထိုင် ကျောမှီနဲ့ကပ်နေရပါမယ်။ ကိုယ်လုံးက မတ် နေရပါမယ်။ ခြေထောက်တွေကို တောင့်မထားဘဲ ကြမ်းပြင်ပေါ်ကို ၉ဝဒီဂရီ ချထားရပါမယ်။ ခြေထောက်တွေရဲ့ ဝိတ်တွေဟာ ခြေဖဝါးနှစ်ဖက်လုံးပေါ်မှာ မျှမျှတတ ရှိနေသင့်ပါတယ်။ လက်ပြင်ကြီးကုန်းပြီး ကွန်ပျူတာစခရင်ကို ပြူးကြည့်မနေပါနဲ့။ မျက်လုံးတွေဟာ ကွန်ပျူတာဖန်သားပြင်နဲ့ တစ်တန်းတည်းရှိရပါမယ်။ စာရိုက်တဲ့အခါ တံတောင်ဆစ်တွေကို ကိုယ်လုံးနဲ့ ကပ်ထားရမှာဖြစ်ပြီး လက်ကောက်ဝတ်တွေကတော့ ပခုံးနဲ့ ထောင့်မှန် ၉၀ ဒီဂရီ ဖြစ်ရပါမယ်။ ကိုယ်နေဟန်ထားမှန်မှန်ထိုင်ပြီး မကြာခဏ လှုပ်ရှားပေးရပါမယ်။ ဒီနည်းအားဖြင့် ခါးနာ၊ ပခုံးနာ နဲ့ ဇက်ကြောတက်တာတွေကို ကာကွယ်နိုင်ပါတယ်။
ကားမောင်းတယ်ဆိုတာလဲ ထိုင်မောင်းရတာဖြစ်လို့မို့လို့ အပေါ်မှာ ပြောခဲ့သလိုပါပဲ ခါးရိုးပေါ်ကို ဝန်ပိ စေပါတယ်။ ပိုဆိုးတာက ကားမောင်းထိုင်ခုံမှာ ထိုင်မောင်းရတာဆိုတော့ အိမ်က ဆိုဖာပေါ်မှာလို ပြေပြေလျော့လျော့ ထိုင်လို့ရတာမှ မဟုတ်ဘဲ။ အာရုံစူးစိုက်မှုကလည်း အပြည့်ရှိရတယ်။ ပတ်ပတ်လည် မှာလဲ ခလုတ်တွေ အများကြီးနဲ့။ ဆိုလိုတာက ခန္ဓာကိုယ် ကြွက်သားတွေဟာ ရိုးရိုး ထိုင်နေတာထက် ပိုပြီး “သတိဆွဲ” နေရတယ် ဆိုတာပါပဲ။ ကြာလာတော့ ပင်ပန်းလာပြီး ခါးနာ၊ လက်မောင်းတွေနာ၊ ပေါင်တွေတောင့် ဖြစ်လာတော့တာပေါ့။ ဒရိုင်ဘာက အဝလွန်နေရင်တို့၊ အရင်ထဲက ခါးနာတဲ့ ဝေဒနာ ရှိနေရင်တို့ဆိုရင်တော့ ပိုဆိုး။
ဒူးကို ပေါင်ထက်မြင့်အောင် နည်းနည်းမြှောက်၊ ထိုင်ခုံအနိမ့်အမြင့်ဟာ စတီယာရင် နဲ့ အဆင်ပြေတဲ့ အနေအထားမှာ ရှိပါစေ။ မောင်းမယ့်လူရဲ့ အနေအထားအလိုက် မနီးလွန်း မဝေးလွန်းမှာရှိမှ စတီယာရင်ကို သက်သောင့်သက်သာကိုင်ပြီး ကောင်းကောင်းထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ခြေထောက်တွေဟာလည်း သက်သက်သာသာနဲ လီဗာတွေ ဘရိတ်တွေပေါ်ကို တင်ထားနိုင်ပြီး လုံလောက်တဲ့ ဖိအားနဲ့ နင်းနိုင်မှာ ဖြစ်ပါတယ်။ ထိုင်တဲ့ ကိုယ်ဟန်ဟာ ခါးရိုးပေါ်ကို ဝန်ပိအား အနည်းဆုံး ပုံစံမျိုး ဖြစ်သင့်ပြီး နောက်ဖက်ကို ၂၀ ဒီဂရီလောက် လှန်ထားသင့်ပါတယ်။ ကျောမှီ မှာ မှီအုံးလေးတစ်ခုလောက်ရှိရင် ပိုကောင်းပါတယ်။ ဒါပေမယ့် မောင်းမယ့်သူရဲ့ ခန္ဓာကိုယ်အရွယ်အစားအလိုက် တစ်ချို့လည်း မလိုပါဘူး။ ထိုင်ရတာ သိပ် ဇိမ်ကျ လွန်းပြန်ရင်လည်း မောင်းနေရင်း ခါးညောင်းလာမှာ၊ ကျောနာလာမှာနဲ့ နောက်ဆုံး အိပ်ငိုက်လာမှာကို သတိပြုသင့်ပါတယ်။
အဲဒီတော့ရင်…. လေဒီရှူး ဒေါက်မြင့်မြင့်ကြီးတွေစီးတာ၊ အချိန်အကြာကြီး ထိုင်တာ၊ ကားမောင်းရတာ၊ ကိုယ်နေဟန်ထားမမှန်ဘဲ နေတာ… စတာတွေဟာ ခါးနာတာနဲ့ တိုက်ရိုက်မပတ်သက်ဘူး လို့ ဘယ်လိုပဲ ပြောပြော ခါးကတော့ နာ လာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပုံစံမှန်မှန် ထိုင်သင့်ပါတယ်။ ခါးနာတာကို လျစ်လျူရှုထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကြွက်သားတွေမှာ ဒဏ်ဖြစ်လာပြီး ခါးရိုးကိုလည်း ထိခိုက်လာမှာ ဖြစ်ပါတယ်။ အရင်ကတည်းက ခါးနာတတ်တဲ့သူဆိုရင်တော့ ပိုမိုဆိုးရွားတဲ့ နာကျင်မှု ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ခါးနာခြင်း ဟာ အရေးကြီးတာမို့ ပစ်မထားသင့်ပါဘူး။ ရုတ်တရက် ခါးနာလာတာပဲဖြစ်ဖြစ်၊ အချိန်အကြာကြီး နာနေတာပဲဖြစ်ဖြစ်၊ အခြား ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပြလာတာပဲဖြစ်ဖြစ် ဘာကြောင့်ပဲ ဖြစ်ဖြစ် ထားလိုက်ဖို့ မသင့်ပါဘူး။ ကိုယ့်ဟာကိုယ်လည်း လျှောက် မကုသင့်ပါဘူး။ သက်ဆိုင်ရာဆရာဝန်နဲ့ သေသေချာချာပြပြီး ကုသမှု ခံယူသင့်ပါတယ်။ နည်းနည်းလေးပဲ နာတာမို့ “နေပေ့စေ” ဆိုပြီး ထားလိုက်လို့ကတော့ တစ်ချိန်ကျရင် “အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်” ရပါလိမ့်မယ်။
နိဂုံးချုပ်အားဖြင့် ဒေါက်မြင့်မြင့်ကြီးတွေစီးတာ၊ ပုံစံမမှန်ဘဲ ထိုင်တာ၊ ကားမောင်းတာ တွေဟာ အချိန်အကြာကြီးဖြစ်ပြီး “နည်နည်းများ” သွားရင်တော့ ခါးနာတာကနေ စ ပါ လိမ့်မယ် လို့…။
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်