- ကင်ဆာအစောပိုင်းအဆင့်ကတော့ လက္ခဏာမပြတဲ့အတွက် သိဖို့ခက်ပါတယ်။ တာရှည် ရင်ပြည့်ရင်ကယ် ဖြစ်နေလို့၊ အစာမကြေဖြစ်နေလို့ ဆရာဝန်နဲ့ပြတဲ့အခါ၊ ဒါမှမဟုတ် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တဲ့အခါကျမှသာ ဆရာဝန်က စမ်းသပ်လို့ သိနိုင်မှာဖြစ်ပါတယ်။ အစောပိုင်းကင်ဆာအဆင့်မှာဆိုရင် အစာအိမ်မှန်ပြောင်းနဲ့ကြည့်ပြီး မူမမှန်တစ်ရှူးတွေကို ဖယ်ထုတ်လိုက်ခြင်းအားဖြင့် ပျောက်ကင်းအောင် အချိန်မီ ကုသနိုင်ပါတယ်။
- ကင်ဆာ ကြီးထွားမှုအဆင့်မှာ ရောက်နေပေမယ့် တခြားနေရာတွေကို မပျံ့သေးဘူးဆိုရင် ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းနဲ့ ဆက်စပ်နေတဲ့ ပြန်ရည်ကြောအကြိတ်တွေကို ခွဲထုတ်ပစ်လိုက်နိုင်ပါတယ်။ ခီမိုသရာဖီ ကုထုံးက နောက်က လိုက်ပေးရပါမယ်။
- ကင်ဆာဟာ ဝမ်းဗိုက်နံရံတစ်ရှူးတွေ စတဲ့ အခြားဆက်စပ်နေရာတွေကို ပျံ့နှံ့နေပြီဆိုရင်တော့ အရင်တုန်းကဆို ကုလို့မရတော့တဲ့အဆင့် ဖြစ်သွားပါတယ်။ ခုနောက်ပိုင်းမှာတော့ HIPEC ခွဲစိတ်မှုနဲ့အတူ ခီမိုသရာဖီ ကို ပူးတွဲလုပ်ဆောင်ပေးလျက်ရှိပါတယ်။ အပူပေးထားတဲ့ ခီမိုဆေးတွေကို ဝမ်းဗိုက်ထဲ ထည့်ပေးလိုက်တာဖြစ် ပါတယ်။ ဒီနည်းနဲ့ လူနာတွေဟာ အရင်ကထက် ပိုပြီး အသက်ရှင်ဖို့ အခွင့်အလမ်း ပိုလာတာကို တွေ့ရပါတယ်။
- ကင်ဆာနောက်ဆုံးအဆင့်ဖြစ်တဲ့ အဆုတ်တို့ အသည်းတို့အထိ ပျံ့နှံ့နေပြီဆိုရင်တော့ ခွဲထုတ်တာဖြစ်ဖြစ် ဆေးကျွေးတဲ့နည်းနဲ့ဖြစ်ဖြစ် ကုသလို့ မအောင်မြင်နိုင်တော့ပါဘူး။ ခီမိုသရာဖီနည်းနဲ့ပဲ ရောဂါကို ထိန်းထားပေးပြီး ရောဂါလက္ခဏာတွေ မပြအောင် လုပ်ထားပေးတာပဲ တတ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာ အစာအိမ်ကင်ဆာနဲ့ပတ်သက်တဲ့ ခွဲစိတ်မှုကို ဗိုက်ဖွင့်ပြီးခွဲတာရော၊ မှန်ပြောင်းကတစ်ဆင့် ခွဲတာရော ၂ မျိုးလုံး အသုံးပြုပါတယ်။ ကင်ဆာအစောပိုင်းအဆင့်နဲ့ အနိမ့်ဆုံးအဆင့်တွေအတွက် ဖြစ်ပါတယ်။ မှန်ပြောင်းကြည့် ခွဲစိတ်မှုကတော့ လူနာဟာ အမြန်ဆုံးပြန်လည်နာလန်ထူလာနိုင်ပြီး အမာရွတ်လည်း သေးသေးလေးပဲ ကျန်ခဲ့မှာ ဖြစ် ပါတယ်။ ဆေးရုံတက်နေရတဲ့ ရက်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ခွဲစိတ်ပေးတဲ့ဆရာဝန်ဟာ အတွေ့အကြုံရင့်ပြီးတော့ မှန်ပြောင်းကြည့်ခွဲစိတ်မှုမှာ ကျွမ်းကျင်ဖို့တော့ လိုအပ်ပါတယ်။
အစာအိမ်ကင်ဆာကို ခွဲစိတ်ကုသမှုအပြီးမှာ ခီမိုသရာဖီကုထုံးဟာ နောက်က လိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ကင်ဆာကို ထပ်တလဲလဲ ပြန်ဖြစ်မလာအောင် တားဆီးပေးထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားအင်္ဂါအစိတ်အပိုင်း တွေကို ပျံ့နှံ့သွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း ခီမိုသရာဖီကလည်း ပျို့တာ အန်တာတို့ အားယုတ်ပြီး ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်တာတို့ စတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိတာမို့ ခီမိုဆေး သွင်းမယ် ဆိုရင် လုံလောက်တဲ့ ပြည့်ပြည့်ဝဝ အနားယူမှု၊ ကြေညက်လွယ်တဲ့ အစားကောင်းကောင်းစားဖို့၊ ရေ များများသောက်ဖို့၊ ရောဂါနဲ့ ဆေးကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို တောင့်ခံနိုင်ဖို့ စိတ်ဓာတ်ကိုလည်း ခိုင်ခိုင်မာမာ ထားဖို့ လိုအပ်ပါတယ်။ အရေးအကြီးဆုံးကတော့ ကုသမှုဟာ စဉ်ဆက်မပြတ် စောင့်ကြည့်ရမှာဖြစ်လို့ ဆရာဝန် ရက်ချိန်းတွေကိုလည်း မပျက်မကွက် လာရောက်ပြသဖို့ လိုအပ်ပါကြောင်း ထပ်လောင်း သတိပေးလိုက်ရပါတယ်။
ပေါ့ပေါ့ဆဆမနေကြဘဲ လိုအပ်တဲ့ စစ်ဆေးမှုတွေခံယူခြင်းဖြင့် ရောဂါကို အချိန်မီ သိရှိကုသနိုင်ပြီး အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိတဲ့ “အစာအိမ်ကင်ဆာ” ဘေးမှ ကင်းဝေးနိုင်ကြပါစေ..။