ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ ကလေးယူဖို့ မျှော်မှန်းထားတဲ့ မိခင်လောင်းများ ကို သဘာဝအတိုင်းရိုးရိုးမွေးဖို့ အကြံပြုထားပါတယ်။ ဘာလို့လဲဆိုတော့ဒီနည်းလမ်း ဟာ ပြင်းပြင်းထန်ထန်သွေးထွက်မှုမရှိခြင်း၊ ပြန်သက်သာလာဖို့အချိန်နည်းနည်းသာ ယူရခြင်း၊ မိခင်အနေနဲ့ ကိုယ့်ကလေးကိုမွေးမွေးပြီးချင်းမှာပဲစောင့်ရှောက်ခွင့်ရခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း စတဲ့အားသာချက်တွေရှိနေလို့ဖြစ်ပါတယ်။ ရိုးရိုးမွေးဖို့ အဆင်မပြေတဲ့ အမျိုးသမီးများအနေနဲ့ကတော့ ခွဲမွေးခြင်း(C-Sections) နည်းလမ်း ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ကလေးယူဖို့မျှော်မှန်းထားတဲ့မိခင်လောင်းများ ရဲ့ (၈၀)-(၈၅) ရာခိုင်နှုန်းဟာ သဘာဝအတိုင်းမွေးဖွားကြပါတယ်။
ခွဲမွေးတာနဲ့နှိုင်းယှဉ်မယ်ဆိုရင် ရိုးရိုးမွေးခြင်းဟာ မွေးနေစဉ်အချိန်မှာ ပိုပြီး နာကျင်မှုကို ခံစားရပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ခဏတာမျှပါပဲ။ မွေးဖွားအပြီး ကလေးအပြင်ကို ရောက်ပြီဆိုရင် နာကျင်မှုမရှိတော့ပါဘူး။ ရိုးရိုးမွေးခြင်းရဲ့ နောက်ထပ်အားသာချက် တစ်ခုကတော့ မိခင်အနေနဲ့ အမြန်ဆုံး ကိုယ့်ရင်သွေးကို နို့ချိုတိုက်ကျွေးနိုင်ခြင်း ပဲ ဖြစ်ပါတယ်။
ခွဲမွေးခြင်းနည်းလမ်းကတော့ မွေးဖွားနေစဉ် နာကျင်မှုမရှိအောင်လို့ မိခင်ကို မေ့ဆေး (သို့) ထုံဆေး ထိုးပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း ထုံဆေးပြယ်ပြီဆိုတာနဲ့ မိခင်ဟာ ရက်အနည်းငယ်ကြာတဲ့အထိ နာကျင်မှုကိုခံစားရနိုင်ပါတယ်။ ကလေးငယ်ရဲ့ ခေါင်းက ပုံစံမကျခြင်း၊ မိခင်ရဲ့တင်ပါးဆုံရိုးအတွက် ကလေးရဲ့အရွယ်အစားဟာ ကြီးလွန်းနေခြင်း၊ ကလေးရဲ့ခြေထောက်ဟာမွေးလမ်းကြောင်းဘက်မှာရှိနေခြင်း၊ ကလေးဟာ ကန့်လန့်ဖြတ်အနေအထားရှိနေခြင်း စတဲ့ အခြေအနေများအပြင် မိခင်မှာ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ နှလုံးရောဂါ၊ အချိန်မတိုင်ခင်ရေမြွှာအိတ်ပေါက်ခြင်း စတာတွေ ဖြစ်ခဲ့တယ်ဆိုရင် ခွဲမွေးခြင်းနည်းလမ်းကို ရွေးချယ်ကြပါတယ်။