အာထရာစောင်းစစ်ဆေးမှုများကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့အညီ ကိုယ်ဝန်ဆောင်အချိန်ကာလတိုင်းမှာ လုပ်ဆောင်နိုင်ပါတယ်။ အာထရာစောင်းအတွက် သင့်တော်တဲ့ ကိုယ်ဝန်ဆောင်ကာလများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၅)ပတ် မှ (၁၁)ပတ်
- သားအိမ်အတွင်းကိုယ်ဝန်တည်ရှိမှုကိုအတည်ပြုဖို့နဲ့ အမြွှာကိုယ်ဝန်များ ရှိ မရှိကိုရှာဖွေရန်
- သန္ဓေသားရဲ့အရွယ်အစားကိုတိုင်းတာပြီး ကိုယ်ဝန်ဆောင်ချိန်ကိုဆုံးဖြတ်ရန်
- အချင်းအမြှေးပါးအောက်သွေးထွက်လွန်ခြင်းကိုရောဂါရှာဖွေမှုပြုလုပ်ရန်
- သားအိမ်အပြင်ဘက်သန္ဓေတည်သည့်ကိုယ်ဝန်(Ectopic Pregnancy) ၊ မျိုးအောင်သော်လည်းသန္ဓေသားအဖြစ်မဖွံ့ဖြိုးခြင်း(Blighted Ovum) ၊ မျိုးအောင်မှုမူမမှန်သည့်ကိုယ်ဝန်(အာထရာစောင်းရိုက်သည့်အခါကလေးမရှိဘဲ အစေ့ငယ်များသာတွေ့ရသဖြင့် စပျစ်သီးကိုယ်ဝန်ဟုလည်းခေါ်) (Molar Pregnancy) အပါအဝင် ပုံမှန်မဟုတ်သည့်ကိုယ်ဝန်များကိုရောဂါရှာဖွေရန်
- သားအိမ်အလုံးတည်ခြင်း(Myoma Uteri) နှင့် မမျိုးဥအိမ်ရေအိတ်(သို့) အကျိတ် ရောဂါရှာဖွေစစ်ဆေးရန်
(၁၁)ပတ်မှ(၁၃)ပတ် နှင့် (၆)ရက်
- သန္ဓေသားအရွယ်အစားတိုင်းတာရန်နှင့်ကိုယ်ဝန်ကာလသတ်မှတ်ရန်
- သန္ဓေသားလည်ပင်းအရေပြားအောက်တွင် အရည်များစုပုံခြင်းကိုတိုင်းတာရန် (Nucual Translucency ခေါ် အာထရာစောင်းပုံရိပ်) ။ အဆိုပါတိုင်းတာမှု ရလ်ကို မိခင်ရဲ့သွေးစစ်ချက်အဖြေနဲ့ပေါင်းစပ်ပြီး ဒေါင်းလက္ခဏာစစ်ဆေးနိုင်ပါတယ်။
- သန္ဓေသားမသန်မစွမ်းခြင်းကနဦးအဆင့်များကို စစ်ဆေးရန်
- မိခင်ရဲ့တင်ပါးဆုံအရိုးတွင်းရှိ သားအိမ် ၊ မမျိုးဥအိမ် စသည့် အစိတ်အပိုင်းများကို စစ်ဆေးရန်
မှတ်ချက် - Nuchal Translucency အာထရာစောင်းအရ သန္ဓေသားဟာ ပုံမှန်မဟုတ်တဲ့ သိပ်သည်းထူထပ်ခြင်း ရှိခဲ့မယ်ဆိုရင် ဒေါင်းလက္ခဏာ(သို့) ခရိုမိုဆုန်းမူမမှန်မှုများနဲ့ သက်ဆိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ခြေလက်အင်္ဂါ ပုံမှန်မဟုတ်ခြင်း၊ မျိုးရိုးဗီဇရောဂါ များအပါအဝင် သန္ဓေသားမူမမှန်မှုများနဲ့ ဆက်စပ်နိုင်ပါတယ်။
(၁၈)ပတ် မှ (၂၃)ပတ်
ဒီကာလဟာ ကိုယ်ဝန်ဆောင်ကာလမှာ အရေးကြီးတဲ့အချိန်ဖြစ်ပြီး အာထရာစောင်း ရိုက်တဲ့အချိန်အကြာဆုံးလည်းဖြစ်ပါတယ် ( မိနစ်(၃၀)မှ တစ်နာရီ)။
- ဦးခေါင်းခွံ၊ ဦးနှောက်တစ်ရှူး၊ ကျောရိုးနာ့ဗ်ကြောမ ကြီး၊ လက်၊ ခြေထောက်၊ နှလုံး စသည့် ကိုယ်ခန္ဓာဖွဲ့စည်း တည်ဆောက်ပုံနှင့်ဆက်စပ်သည့် မူမမှန်မှုများကို စစ်ဆေးရန်
- သန္ဓေသားဖွံ့ဖြိုးမှု၊ အချင်းတည်နေရာ၊ ခန့်မှန်းရေမြွှာရည်ပမာဏ စသည်တို့ကို စစ်ဆေးရန်
- လမစေ့ကလေးမွေးဖွားမှု ဖြစ်နိုင်ခြေကိုခန့်မှန်းဖို့ သားအိမ်ခေါင်းအလျားတိုင်း တာစစ်ဆေးရန်
(၂၈)ပတ်မှ မမွေးဖွားခင်အချိန်ထိ
- သန္ဓေသားဖွံ့ဖြိုးမှုနဲ့အလေးချိန်ကိုစစ်ဆေးရန်
- သန္ဓေသားဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေသည်များကိုရှာဖွေစစ်ဆေးရန်
- အချင်းတည်နေရာ၊ သန္ဓေသားအနေအထားနဲ့ ရေမြွှာရည်ပမာဏကိုစစ်ဆေးရန်
- လမစေ့ကလေးမွေးဖွားမှု ဖြစ်နိုင်ခြေကိုခန့်မှန်းဖို့ သားအိမ်ခေါင်းအလျားတိုင်း တာစစ်ဆေးရန်
- အသက်ရှူခြင်း၊ လှုပ်ရှားမှုနဲ့ ရေမြွှာရည်ပမာဏတွက်ချက်ခြင်း စသည်တို့အပေါ် မူတည်ကာ သန္ဓေသားကျန်းမာရေးကိုစစ်ဆေးခြင်း
မှတ်ချက်
- တကယ်လို့မိခင်ဟာ အန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေမရှိဘူးဆိုရင် ကိုယ်ဝန်ဆောင်ကာလ (၃၀)ပတ်-(၃၂)ပတ်အတွင်းမှာ အာထရာစောင်းနဲ့ စစ်ဆေးဖို့အကြံပြုချင်ပါတယ်။
- တကယ်လို့ မိခင်ဟာ အန္တရာယ်ဖြစ်နိုင်ခြေရှိတယ်၊ အမြွှာကိုယ်ဝန်(သို့) ရောဂါရှိတယ်ဆိုရင်သန္ဓေသားရဲ့ ကျန်းမာရေး အခြေအနေကို ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း တစ်သဝေမတိမ်း လုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်။